လျှပ်စစ်မီး အချိန်ပြည့်ရရှိရေး ဆန္ဒထုတ်ဖော်ပွဲများ ပျံ့နှံ့လာ

လျှပ်စစ်မီး (၂၄) နာရီ ရရှိရေးအတွက် ဒီကနေ့ ရန်ကုန်နဲ့ ပဲခူးမြို့တွေမှာလည်း ဆန္ဒထုတ်ဖော်ဖို့ ပြင်ဆင်နေကြပါတယ်။ ရန်ကုန်မြို့က ဆန္ဒထုတ်ဖော်ပွဲကို နိုင်ငံရေးအကျဉ်းသား မိသားစုတွေ၊ ကွန်ယက်အဖွဲ့ဝင်တွေ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ အဖွဲ့ဝင်တွေ ပါဝင်မှာဖြစ်သလို အဖွဲ့အစည်းဝင် မဟုတ်သူတွေလည်း ပါဝင်ဖွယ်ရှိတယ်လို့ ဆော်သြသူတွေက ပြောပါတယ်။

ဆန္ဒထုတ်ဖော်ပွဲကို ရန်ကုန်မြို့ ဆူလေဘုရားအနီး ညပိုင်း (၇) နာရီလောက်မှာ စတင်မယ်လို့ သိရပါတယ်။ နိုင်ငံရေး အကျဉ်းသားမိသားစု ကွန်ယက်အဖွဲ့ဝင် ကိုအောင်ဇော်ထွန်းက အစီအစဉ်ကို ပြောပြပါတယ်။

" ဆူးလေဘုရားလမ်းမကြီးမှာရှိတဲ့ ဆူးလေဘုရား မှတ်တိုင်ပေါ့နော်၊ အဲနားလေးမှာ ကျွန်တော်တို့ လူစုကြမယ်။ ညနေ ၆ နာရီခွဲလောက်မှာ။ ပြီးတဲ့အခါမှာ ၇ နာရီထိုးတဲ့အခါမှာ ကျွန်တော်တို့ ဝေငှထားတဲ့ ဖယောင်းတိုင်တွေကို ထွန်းညှိပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စီတန်းပြီးပတ်မယ်။ ပတ်ပြီးတော့ ဘုရားပေါ်မှာ တက်မယ်။ ပြီးရင် ကျွန်တော်တို့ လူစုခွဲပါမယ်"

အလားတူ ပဲခူးမြို့ မြို့နယ်လျှပ်စစ်ရုံးရှေ့မှာလည်း ည ( ၇) နာရီခွဲမှာ လူစုကြမယ်လို့ ပဲခူးမြို့ခံတွေက ပြောပါတယ်။ မြန်မာစံတော်ချိန် ညနေ (၅) နာရီလောက်ကတော့ ပဲခူးမြို့လူစည်ကားတဲ့နေရာ (၃) နေရာမှာ ရဲတပ်ဖွဲ့ တွေ နေရာယူထားတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မြို့နယ်လျှပ်စစ်ရုံးရှေ့က အခြေအနေကိုတော့ မြို့ခံတစ်ယောက်က အခုလိုပြောပါတယ်။

" ကျွန်တော်မြင်နေရတာကတော့ အကုန်လုံး ယူနီဖောင်းတွေဝတ်တဲ့ ရဲတွေအကုန်လုံး အဆင်သင့်ရှိနေကြတယ်။ သုံးနေရာလုံးမှာလေ။ လူတွေကလည်း စောင့်ကြည့်နေတယ်ဗျ။ ဆန္ဒပြဖို့လို့ထင်ရတဲ့ ပုဂ္ဂိုလ်များကလည်း အဲဒီမှာ အယောက် ၄၀၊ ၅၀ လောက် စောင့်နေကြတယ်။ ဈေးထဲပေါ့။ ကျွန်တော်တို့ ပဲခူးဈေးကြီး သွန်းဘုရားအနီးပေါ့ဗျာ။ မြို့နယ်လျှပ်စစ်ရုံးဆိုတာရှိတယ်။ အဲဒီမှာ ဒေါ်ရီစားသောက်ဆိုင်ဆိုတာရှိတယ်။ အဲဒီမှာ အယောက် ၂၀ လောက်ရှိတယ်။ ဒီဘက်မှာ သွန်းဘုရားထဲမှာလည်း ရှိကြတယ်ဗျ။ အဲဒီမှာ သူတို့ ဖယောင်းတိုင်လေးတွေ ကိုင်ထားတာ ကျွန်တော်တွေ့နေရတယ်"

အလားတူ ဒီကနေ့ ညပိုင်းမှာ ပြည်မြို့မှာလည်း ဆန္ဒဖော်ထုတ်ပွဲကျင်းပကြဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

လျှပ်စစ်မီး ပုံမှန်မရတာနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့အပတ်အတွင်းက ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ အိမ်ရှင်မတွေက ဆန္ဒထုတ်ဖော်ခဲ့ကြပြီးတဲ့နောက် မန္တလေးနဲ့ မုံရွာမြို့တွေမှာ ဆန္ဒထုတ်ဖော် ပြသခဲ့ကြသလို အောက်မြန်မာပြည်မြို့တွေမှာ ဆက်တိုက် လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။

နောက်ဆုံးရရှိတဲ့ သတင်းအရ ပဲခူးမြို့မှာ လုံခြုံရေး အထူးတင်းကြပ်ထားတာကြောင့် ဆန္ဒထုတ်ဖော်ပွဲ မကျင်းပဖြစ်ခဲ့ဘူးလို့ သိရပါတယ်။