အီလက်ထရောနစ် ဥပဒေ ထောင်ဒဏ်လျှော့ပေါ့ အတည်ပြု

အရင် နအဖစစ်အစိုးရလက်ထက်က နိုင်ငံရေးတက်ကြွှ လှုပ်ရှားသူတွေကို အရေးယူပြစ်ဒဏ်ချမှတ်ခဲ့တဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ကို ပြစ်ဒဏ်လျှော့ပေါ့ ပြင်ဆင်လိုက်ပြီး ပြည်သူ့ လွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။

ပြင်ဆင်လိုက်တဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေမူကြမ်းမှာ ထောင် ဒဏ်တွေကိုလျှော့ပြီး ငွေဒဏ်ကိုတိုးထားတယ်လို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။

“ထောင်ဒဏ်ငွေဒဏ် နှစ်ရပ်စလုံးမှာ ထောင်ဒဏ် ကိုအရင်လာတယ်၊ အခုကျ ဒီမှာပြင်လိုက်တဲ့အချက် က ငွေဒဏ်ကိုအရင်လာတယ်၊ ငွေဒဏ်မပေးနိုင် မှ ထောင်ချလို့ရတာ၊ ဥပဒေကြမ်း ပြင်ဆင် မှုကော်မတီက ကျနော်က တစ်နှစ်ထားရင် သူတို့က သုံးနှစ်ထားတယ်၊ ဒါကတော့ သူ့လုပ်ပိုင်ခွင့် သူတိုးတာပေါ့၊ ကျနော့်အနေနဲ့က ဒီဥပဒေကြမ်းကို ဖျက်ဖို့တင် တယ်၊ မအောင်မြင်ဘူး၊ ပြင်ဖို့တင်တယ်၊ အောင်မြင်တယ်”

အဲဒီ အီလက်ထရောနစ်ဥပဒေကို စစ်အစိုးရလက်ထက် ၂၀၀၄ ခုနှစ်က ပြဌာန်းခဲ့တာဖြစ်ပြီး အနုပညာရှင် ဦးသူရ ခေါ် ဇာဂနာ၊ ဘလော့ဂါ ကိုနေဘုန်းလတ်၊ ၈၈ မျိုးဆက် ကျောင်းသားတွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျာ၊ ကိုဌေးကြွယ်တို့ အပါအဝင် နိုင်ငံရေးသမားတွေ ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို အဲဒီဥပဒေနဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။

မူလပြဌာန်းထားတဲ့ ဥပဒေရဲ့ ပုဒ်မ ၃၃ မှာ အီလက်ထရောနစ်နည်းပညာကို အသုံးပြုပြီး နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေတဲ့ ပြစ်မှုထင်ရှားရင် ထောင်ဒဏ်အနည်းဆုံး ၇ နှစ်ကနေ အများဆုံး ၁၅ နှစ်အထိ ချမှတ်နိုင်တယ် လို့ ပြဌာန်းထားတာကို အခုဥပဒေမူကြမ်းမှာ ထောင်ဒဏ် ၅ နှစ်ကနေ ၇ နှစ်အထိ ပြောင်းလဲသတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဥပဒေ ပုဒ်မ ၃၄ မှာ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးဦးရဲ့ ဂုဏ်သိက္ခာထိခိုက်နစ်နာစေ ရန် ကျူးလွန်ရင် မူလဥပဒေမှာ ငွေဒဏ်မပါပဲ အခုမူကြမ်းမှာ ငွေဒဏ်ကို သိန်း ၅၀ ကနေ သိန်း ၁၀၀ အထိပေးဆောင်စေပြီး ငွေဒဏ်မဆောင်နိုင်မှ ထောင်ဒဏ် ၁နှစ်ကနေ ၃နှစ်အထိ ကျခံရမှာဖြစ်တယ်လို့ ပြဌာန်း ထားကြောင်း သိရပါတယ်။