လွှတ်တော်ဝန်ထမ်းတွေ အရည်အချင်း လိုအပ်နေသေးကြောင်း ညွှန်ချုပ်ပြောကြား

ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ရုံးမှာ ဝန်ထမ်းအင်အား ၁၃၀၀ ကျော်ရှိပြီး အရည်အချင်းပိုင်းမှာ လိုအပ်ချက်တွေ ရှိနေကြောင်း ဒီနေ့ လွှတ်တော်ဆိုင်ရာ လုပ်ငန်းများရှင်းလင်းဆွေးနွေးခြင်း အစီအစဉ် နောက်ဆုံးနေ့မှာ ပြည်ထောင်စု လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက တင်ပြခဲ့ပါတယ်။

လွှတ်တော်လုပ်ငန်းစဉ်တွေအကြောင်း ရှင်းလင်းတင်ပြရာမှာ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ထည့်သွင်းပြော သွားတာဖြစ်ပါတယ်။

"ကျနော်တို့ ပထမသက်တမ်း စတင်ဆောင်ရွက်တဲ့အချိန်မှာ ဝန်ထမ်းများကိုယ်တိုင် လွှတ်တော်လုပ်ငန်းဆိုတာ ဘာမှအတွေ့အကြုံမရှိတဲ့ အခြေအနေကနေပြီးတော့မှ အခုသက်တမ်းပြီးဆုံးသွားတဲ့ အခြေအနေ၊ အခုဒုတိယ သက်တမ်း စတဲ့အချိန်မှာဆိုရင် လွှတ်တော်ရုံး သုံးရုံးရှိလာပြီးတော့မှ ဝန်ထမ်းတွေကလည်း ယခင်စတင်တုန်းက အနေအထားနဲ့စာရင် ထိုက်သင့်တဲ့ အင်အားအနေအထားရှိလာပြီ၊ သို့သော်လည်း ဒီအင်အားတွေက လုံလောက် တဲ့အင်အား ကျွမ်းကျင်တဲ့အင်အားတွေ ဖြစ်သွားပြီလားဆိုတော့ အင်အားအနေအထားလည်း မလုံလောက်ပါဘူး၊ အရေအတွက်အားဖြင့်သော်၎င်း အရည်အသွေးအားဖြင့်သော်၎င်း အများကြီးလိုနေသေးတယ်ဆိုတာ ကျနော့် အနေနဲ့ လက်တွေ့ကျကျဝန်ခံပါတယ်"

ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီအတွက် သက်ဆိုင်ရာနယ်မြေတွေမှာ လွှတ်တော်ကိုယ်စားလှယ် ရုံးတွေ ဆောက်လုပ်ပေးဖို့နဲ့ ဝန်ထမ်းတွေခန့်ထားပေးဖို့အတွက် အခက်အခဲတွေ ရှိနေကြောင်းလည်း ဦးကျော်စိုးက ပြောခဲ့ပါတယ်။

နိုင်ငံတကာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့လွှတ်တော်လုပ်ငန်းဆိုင်ရာ အတွေ့အကြုံတွေ၊ ဥပဒေတွေပြဌာန်းတာ၊ အစိုးရကို စောင့်ကြည့်လေ့လာတာတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေ ၊ နည်းဥပဒေတွေနဲ့ အညီ ဆောင်ရွက်နိုင်ဖို့ကို ၅ရက်ကြာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အဲဒီအခမ်းအနားကို ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP၊ နိုင်ငံတကာ ပါလီမန်အမတ်များအဖွဲ့ IPU တို့နဲ့ တခြားမိတ်ဖက်အဖွဲ့တွေ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ ဒီနေ့အထိ လွှတ်တော်ဝင်းအတွင်းက သဘင်ဆောင်မှာကျင်းပရာ လွှတ်တော်ဥက္ကဌတွေ နဲ့ ကိုယ်စားလှယ် ၄၆၅ ဦး တက်ရောက်ခဲ့ပါတယ်။