ရွှေပြည်သာ ဆန္ဒပြအလုပ်သမားတွေ တရားစွဲ အလုပ်ထုတ်ခံရ

0:00 / 0:00

မတ်လ ၄ ရက်နေ့က ရန်ကုန်မြို့မှာ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခံလိုက်ရတဲ့ ရွှေပြည်သာစက်မှုဇုန်က အလုပ်သမားအမျိုးသမီးငယ် ၁၃ ယောက်ကို အင်းစိန် နဲ့ ရွှေပြည်သာမြို့နယ်တွေမှာ တရားစွဲထားတဲ့အပြင် စက်ရုံကလည်း အလုပ်ကနေထုတ်လိုက်ပါတယ်။ သူတို့ကို အခုလက်ရှိကာလမှာ အာမခံနဲ့ ပြန်လွှတ်ထား တာဖြစ်ပြီး၊ မတ်လ ၂၄ ရက်နေ့မှာ တရားရုံးတက်ရ မှာဖြစ်ပါတယ်။

အာမခံမပေးဘဲ အင်းစိန်ထောင်ကိုပို့ထားတဲ့ အလုပ်သမားတွေဘက်က ကူညီပေးနေတဲ့သူ ၅ ယောက်ကိုလည်း ဆူပူအောင်လှုံ့ဆော်မှုတွေ၊ အားပေးကူညီမှုတွေနဲ့ ပုဒ်မတွေတပ် တရားစွဲထား ပါတယ်။

ဒီနေ့မတ်လ ၂၀ ရက်နေ့မှာတော့ အာမခံနဲ့လွှတ်ခဲ့တဲ့ အလုပ်သမားအမျိုးသမီးငယ်တွေက အဲဒီ့ထောင်ထဲက လူတွေအတွက် ဆူးလေဘုရားမှာ ဆုတောင်းပွဲပြုလုပ်မယ်လို့ အလုပ်သမားတစ်ဦးကပြောပါတယ်။ ဒါ့အပြင် သူတို့ကို အလုပ်ထုတ်လိုက်တဲ့ကိစ္စကို သက်ဆိုင်ရာကပြေလည်အောင် မဖြေရှင်းပေးနိုင်ရင် ခွင့်ပြုချက်တင်ပြီး၊ ဆန္ဒပြကြဦးမယ်လို့ဆိုပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ တရားစွဲခံထားရပြီး အလုပ်ထုတ်ခံလိုက်ရတဲ့ Costec အထည်ချုပ်စက်ရုံအလုပ်သမား မအေးစန္ဒာဝင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။