နန်းပြီကုမ္ပဏီ နေ့စားဝန်ထမ်းတွေ လစာနဲ့ အခွင့်အရေး တိုးမြှင့်ပေးဖို့ တောင်းဆို

ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်းမှာရှိတဲ့ ဦးပိုင်ကုမ္ပဏီ လက်အောက်ခံ နန်းပြီပင်လယ်ရေကြောင်း ကုမ္ပဏီက နေ့စားဝန်ထမ်းတွေက အခြေခံလစာ တိုးမြှင့်ပေးဖို့နဲ့ တခြားအလုပ်သမားတွေအတိုင်း ခံစားခွင့်တွေရဖို့အတွက် ဒီကနေ့ သတင်းစာရှင်းလင်းပွဲကျင်းပပြီး တောင်းဆိုလိုက်ကြပါတယ်။

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းမှာ အဲဒီနေ့စားအလုပ်သမားတွေက တောင်းဆိုခဲ့ကြတာပါ။ ဒီတောင်းဆိုမှုနဲ့ ပတ်သက်လို့ နန်းပြီပင်လယ်ရေကြောင်း အလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုယဉ်ထွေးက RFAကို အခုလို ပြောပါတယ်။

"ကျနော်တို့ ပို့ဆောင်ရေး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကနေပြီးတော့ ဦးပိုင်လက်အောက်ခံ နန်းပြီပင်လယ်ရေကြောင်းကုမ္ပဏီကို လွှဲလိုက်တယ်၊ အဲဒီမှာ ကျနော်တို့ဝန်ထမ်းတွေအနေနဲ့ အဲဒီဘက်ကိုပါသွားတယ်၊ ကျနော်တို့ရဲ့ ခံစားခွင့်တွေ၊ ပိုင်ဆိုင်ခွင့်တွေ အပြည့်အဝမရရှိလို့၊ လုပ်သက်ခွင့်တို့၊ ရှောင်တခွင်ခွင့်တို့ဘာတို့ အဲဒါတွေက ဆိပ်ကမ်းအာဏာပိုင်တုန်းကရတယ်လေ၊ အခုအဲဒီဟာတွေ သူတို့အုပ်ချုပ်တဲ့ ၃ နှစ် အတောအတွင်းမှာ တစ်ခုမှမရရှိခဲ့ဘူး၊ ကျနော်တို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှာတုန်းက ၆ လတစ်ကြိမ် အဲဒီခံစားခွင့်တွေရတယ်၊ ပြီးတော့အခါကြီးရက်ကြီး ပိတ်ရက်တွေကျလို့ရှိရင် ကျနော်တို့ကိုသီသန့်ပေးတာရှိတယ်၊ အဲဒါတွေကို နန်းပြီပင်လယ်ရေကြောင်းကုမ္ပဏီကျတော့ လုံးဝခံစားခွင့်မရှိတော့ဘူး"

လက်ရှိမှာ နေ့စားဝန်ထမ်း အလုပ်သမားတွေဟာ တစ်နေ့ကို လုပ်အားခ ၂၇ဝဝ ကျပ်သာရရှိပြီး၊ အစိုးရက တရားဝင်သတ်မှတ်ထားတဲ့အတိုင်း တစ်ရက်ကို ၃၈ဝဝ ကျပ်အထိ တိုးမြှင့်ပေးဖို့အပါအဝင် ရှောင်တခင်ပိတ်ရက်တွေမှာ နေ့စားကြေးတွေ မဖြတ်တောက်ဖို့၊ လခစားဝန်ထမ်းတွေနဲ့အတူတူ တန်းတူအခွင့်အရေးတွေရရှိဖို့ စတဲ့အချက်တွေအပါအဝင် အချက် ၆ ချက်ကို တောင်းဆိုခဲ့ပါတယ်။

အရင်ကဒီကိစ္စတွေကိုတင်ပြရာမှာ ကုမ္ပဏီဖက်က လိုက်လျောပေးမယ်ဆိုပြီး ခုံသမာဓိရုံးမှာ သဘောတူလက်မှတ်ရေးထိုးခဲ့ပေမယ့် လောလောဆယ်အထိ ဆောင်ရွက်ပေးတာ မရှိသေးတဲ့အတွက် အခုလို သတင်းစာရှင်းလင်းပွဲပြုလုပ်ရတာဖြစ်တယ်လို့ ပြောပါတယ်။