မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ရှာဖွေတူးဖေါ်ထုတ်ယူရေး ကဏ္ဍအတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဖွင့်ပေးနေရာမှာ၊ လာမယ့် ၂၀၁၆ နှစ်ကုန်ပိုင်းအထိ နောက်ထပ် လုပ်ကွက်ပေါင်း ၁၅ ခု ချပေးမယ်လို့ သိရပါတယ်။
အခုထိ စွမ်းအင်လုပ်ကွက်ပေါင်း ၄၀ အတွက် လုပ်ကိုင်ခွင့်တွေချပေးခဲ့ရာမှာ တိုတယ်၊ ရှဲလ်၊ ရှက်ဗရွန် စတဲ့ ကမ္ဘာကျော် ရေနံကုမ္ပဏီကြီးတွေ ပါဝင်ကြပါတယ်။
မြန်မာနိုင်ငံမှာ စွမ်းအင် ရှာဖွေနိုင်တဲ့ လုပ်ကွက်ပေါင်း ၈၀ ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။
ဗြိတိန်အခြေစိုက် Global Witness အဖွဲ့ကတော့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့ ရှာဖွေတူးဖေါ်ထုတ်ယူရေး ကဏ္ဍမှာ ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
မြန်မာ့စွမ်းအင်ကဏ္ဍမှာလုပ်ကိုင်နေကြတဲ့ လုပ်ငန်း ၂၀ ဝန်းကျင်က ပိုင်ဆိုင်သူနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေပေးဖို့ ငြင်းဆိုခဲ့ကြတယ်လို့ အစီရင်ခံစာတစ်စောင်မှာ ဖေါ်ပြခဲ့ပါတယ်။
