ဒီကနေ့ မနက် ၁၀ နာရီမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ က နိုင်ငံခြား သတင်းထောက်များဌာနမှာ BEWG အဖွဲ့ဟာ သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့ရှိပါတယ်။ အဖွဲ့ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် တဦးဖြစ်တဲ့ ပေါလ်စိန်ထွား က - သမ္မတ ဦးသိန်းစိန်က သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်မယ်လို့ မိန့်ခွန်းထဲမှာ ပြောဆိုခဲ့ပေမဲ့ အခုထိ လိုအပ်တဲ့ဥပဒေတွေ ထုတ်ပြန်တာမျိုး မတွေ့ရသေးကြောင်း၊ အခုလို ပြင်ပရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာချိန်မှာ သဘာဝပတ်ဝန်းကျင် မပျက်စီးရေး အတွက် အကာအကွယ်တွေ ရှိထားသင့်ပြီ ဖြစ်ကြောင်း၊ ဒီပုံအတိုင်းဆိုရင် မကြာခင် သဘာ၀၀န်းကျင် ဆိုင်ရာ ပြဿနာတွေ နဲ့ ကြုံတွေ့လာရဖွယ်ရှိကြောင်း အာအက်အေ ကို ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံက သဘာ၀ သယံဇာတတွေ ဖြစ်တဲ့ သဘာဝဓါတ်ငွေ့သစ်တော တွင်းထွက် စတာတွေကို ပြည်သူတွေ အကျိုးရှိအောင် သုံးစွဲနိုင်ဖို့နဲ့ရေရှည်တည်ရှိနိုင်အောင် ထိန်းသိမ်းသွားနိုင်မယ့် ဥပဒေ ပြဌာန်းပြီး အကောင်အထည် ဖေါ်နေတာမျိုး မရှိသေးတဲ့ အတွက် အထူး စိုးရိမ်စရာ ဖြစ်နေတယ်လို့ ပေါလ်စိန်ထွားက ပြောပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေဟာ သဘာ၀ သယံဇာတထွက်ရှိမှု အများဆုံး ဒေသတွေ ဖြစ်တဲ့အတွက် အစိုးရကနေ သယံဇာတတွေကိုသာ ထိန်းချုပ်ထားနိုင်ဖို့ ကြိုးစားနေတာ တွေ့ရှိရကြောင်း၊ တကယ့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင် အကောင်အထည် ဖေါ်ဖို့ကြိုးစားမှု လမ်းစ မမြင်ရသေးကြောင်း BEWG ခေါ် မြန်မာနိုင်ငံ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ အလုပ်အဖွဲ့က ပြောပါတယ်။ BEWG အဖွဲ့မှာ ကချင်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့KDNG၊ ရခိုင်ပြည်နယ်က ရွှေ ဂက်စ်အဖွဲ့စတာတွေ အပြင်၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
