ရခိုင်ပြည်နယ်အစိုးရက မြို့နယ် ၂ ခုမှာရှိတဲ့ မွှတ်စလင်တွေကို မိသားစုတစ်ခုမှာ သားသမီး ၂ ဦးပဲ မွေးဖွားရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့တာဟာ ခွဲခြားမှုတစ်ခုဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တဲ့အတွက် မကျေနပ်ကြောင်း ပြောဆိုသံတွေ ပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းခဲ့ရာမှာ အခုလို မကျေနပ်မှုတွေပေါ်ပေါက်မှာကို ကြိုတင်တွက်ဆပြီး ဖြစ်ပါတယ်။
ဒါပေမယ့် တရားဥပဒေအောက်မှာ နိုင်ငံသားအားလုံး တန်းတူရည်တူ အခွင့်အရေးရှိရမှာ ဖြစ်တဲ့အတွက် မိမိအနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြောစရာရှိတာကို အမှန်အတိုင်း ပြောရမှာပါပဲလို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
"ဥပဒေတစ်ခုအောက်မှာ အားလုံးကတန်းတူရည်တူဖြစ်ရမယ်၊ အဖွဲ့အစည်းတစ်ခုပဲဖြစ်ဖြစ်၊ အသိုင်းအဝိုင်းတစ်ခုပဲဖြစ်ဖြစ် သက်သက်ဥပဒေတစ်ခုနဲ့ လုပ်တယ်ဆိုတာဟာ ဒါဟာ သာမာန် လူ့အခွင့်အရေးရှုထောင့်ကကြည့်လို့ရှိရင် မကိုက်ညီဘူး၊ တရားဥပဒေစိုးမိုးရေးနဲ့လည်း မကိုက်ညီဘူး"
RFA က ပုံမှန်ထုတ်လွှွင့်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် ဗုဒ္ဓဟူးနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
တဆက်တည်းမှာပဲ အမျိုးသမီးများ သားဆက်ခြားမှုအပေါ်သဘောထားကို မေးမြန်းရာမှာတော့ ဒါဟာအမိန့်တစ်ခုအဖြစ် ထုတ်ပြန်ပြဌာန်းရမယ့် ကိစ္စမဟုတ်ပဲ မိမိတို့အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
"ဒီဟာက ရွေးချယ်မှုတစ်ခုဖြစ်ရမယ်၊ အစိုးရအနေနဲ့ ပညာပေးရမယ်၊ ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုလုပ်သင့်တယ်၊ ဘယ်လိုဖြစ်လို့ ဒီလိုလုပ်သင့်တယ်၊ ဘယ်လိုပုံစံနဲ့ ကိုယ်လုပ်ချင်ရင် လုပ်နိုင်တယ်ဆိုတာ၊ အဲ့လိုပုံစံနဲ့ ပညာပေးသွားပြီးတော့ မိသားစုမှာ သားသမီးဘယ်လောက်ရှိဖို့ ဆုံးဖြတ်တာက နောက်ဆုံးတော့ မိဘတွေရဲ့ဆုံးဖြတ်မှု ဖြစ်ရမှာပေါ့"