တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း NCA ရရှိပြီးဖြစ်ပေမယ့် တိုင်းရင်းသားဒေသတချို့မှာ အစိုးရက တပ်အင်အားတွေ တိုးချဲ့ပြီး ထိုးစစ်ဆင်မူတွေလုပ်နေ တာဟာ နှစ်ဖက်ယုံကြည်မှုကို ထိခိုက်စေတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံ မှာဆွေးနွေးကြကြောင်း KNU ကရင်အမျိုးသား အစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
တိုင်းရင်းသားဒေသတချို့မှာ တိုက်ပွဲတွေဖြစ်နေတာနဲ့ ပတ်သက်ပြီး ယုံကြည်မှုထိခိုက်စေနိုင်ကြောင်း ဒီကနေ့ ဆက်လက်ကျင်းပခဲ့တဲ့ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက် ကိုင် ၁၂ဖွဲ့ရဲ့ ညီလာခံ ၃ရက်မြောက်နေ့မှာ တင်ပြဆွေးနွေးခဲ့ကြတယ်လို့ ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။
"NCA ရဲ့ အတည်ပြုမူကြမ်းကိုရပေမယ့်လို့ အစိုးရတပ်အင်အား တိုးချဲ့လုပ်ဆောင်တာက သံသယစိတ်ရှိတာတို့ စိုးရိမ်စိတ်ရှိတာတို့ ယုံကြည်ချက်က လျော့သွားတဲ့သဘောပေ့ါနော်"
ညီလာခံက ဆုံးဖြတ်ချက်တွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စုစည်းထားတဲ့ NCCT ထိပ်သီးဆွေးနွေး ပွဲအပေါ် အကျိုးသက်ရောက်မူတွေရှိနိုင်ပြီး တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်မူကြမ်းကို ပြင်ဆင်ဖြည့်စွက်တာတွေ ရှိလာနိုင်ကြောင်းလည်း အဲဒီ့ဆွေးနွေးပွဲမှာ တက်ရောက်နေတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်က ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။
အစိုးရနဲ့ သဘောတူညီထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းက အချက်တချို့ကို ပြင်ဆင်ဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ ရက္ခိုင့်တပ်မတော် AA တို့က သဘောထားတွေ တင်ပြထားတယ်လို့လည်း သိရပါတယ်။
ပဒိုစောကွယ်ထူးဝင်းကို RFA သတင်းထောက် ကိုသီဟထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
