တိုင်းရင်းသား ညီလာခံတစ်ရပ်ကို ချင်းမိုင်မှာ စတင်ကျင်းပ


2013.07.29

မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားခေါင်းဆောင်တွေအပါအဝင် ပြည်ပမှာရှိနေတဲ့ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တွေဟာ တစ်နိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ တိုင်းရင်းသားညီလာခံတစ်ရပ်ကို ဒီကနေ့ ဇူလိုင်လ ၂၉ ရက်နေ့မနက်ကစပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စတင်ကျင်းပနေပါတယ်။

တိုင်းရင်းသားလူမျိုးများ ညီလာခံ (Ethnic Conference) ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့  အဲဒီ ၄ ရက်ကြာကျင်းပမည့် ညီလာခံကို ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC က ဦးဆောင်ကျင်းပနေတာဖြစ်ပြီး ညီလာခံရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး UNFC အဖွဲ့ က တွဲဖက် အတွင်းရေးမှူး () ဒိုမန်းမန်းက အခုလို ပြောပါတယ်။

ကျနော်တို့ အဓိကရည်ရွယ်ချက် ၄ ချက်ပေါ့နော်၊ ပထမအချက်ကတော့ ကျနော်တို့ တိုင်းရင်းသား လူမျိုုးစုတွေရဲ့ စည်းလုံးညီညွတ်မှုကို ပိုမိုအားကောင်းစေဖို့၊ ဒုတိယအချက်ကတော့ ယနေ့ ကျနော်တို့သွားနေတဲ့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဆိုင်ရာ ဘုံသဘောတူညီချက်ကို ကျနော်တို့ရယူချမှတ်သွားနိုင်ဖို့၊ တတိယအချက်ကတော့ ကျနော်တို့ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေရယ် နောက်ဒီပြည်တွင်းမှာရှိတဲ့ ဒီနိုင်ငံရေးပါတီ အင်အားစုနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေအပါအဝင်ပေါ့နော်၊ အဲ့ဒါတွေကို ကျနော်တို့လုပ်ငန်း ဆက်စပ်ဆောင်ရွက်မှု အားကောင်းလာဖို့၊ နောက်ဆုံး ၄ ချက်ကတော့ အဓိကကျတဲ့ ဖယ်ဒရယ်ပြည်တောင်စု တည်ဆောက်ရေးအတွက် လုပ်ငန်းစဉ်နဲ့ ဖြစ်စဉ်တွေကို ချမှတ်ဆောင်ရွက်သွားနိုင်ဖို့ေပါ့နော်၊ အဓိကကျနော်တို့ ဒါကို ရည်ရွယ်ပြီးတော့မှ ကျနော်တို့ ခေါ်ရခြင်းဖြစ်ပါတယ်”

ဒီညီလာခံကို နိုင်ငံရေးပါတီမဟုတ်တဲ့ တခြားတိုင်းရင်းသားအဖွဲ့တွေ၊ ဒီမိုကရေစီအင်အားစုတွေ၊ ညီနောင်တိုင်းရင်းသားပါတီများ ဖယ်ဒရေးရှင်း၊ စည်းလုံးညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့နဲ့ နိုင်ငံတကာရောက် တသီးပုဂ္ဂလတိုင်းရင်းသား ပညာရှင်တွေအပါအဝင် စုစုပေါင်း ၁ဝဝ ကျော် တက်ရောက်နေကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့နဲ့စုဖွဲ့ ထားတဲ့ UNFC အဖွဲ့ ဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် စက်တင်ဘာလတုန်းကလည်း ပထမဆုံးအကြိမ် တိုင်းရင်းသားညီလာခံ တစ်ခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပခဲ့ပါသေးတယ်။

အဲ့ဒီ ပထမအကြိမ် ညီလာခံမှာ မတက်ရောက်ခဲ့တဲ့ UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NSAA-ESS) မိုင်းလားတပ်ဖွဲ့၊ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ ၁ က ကိုးကန့်တိုင်းရင်းသားအဖွဲ့ MNDAA နဲ့ DKBA ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်က ခေါင်းဆောင်တွေဟာ အခုဒီညီလာခံမှာ ပါဝင်တက်ရောက်နေကြပါတယ်။

ဒီကနေ့ ညီလာခံဖွင့်ပွဲနေ့ မှာ ငြိမ်းချမ်းရေးရယူထားကြတဲ့ တိုင်းရင်းသားအဖွဲ့တွေကနေပြီး အကောင်အထည်ဖော်ခဲ့ကြတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို အစီရင်ခံစာတင်ပြပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြသလို ညီလာခံမှာ အဓိကဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး တော့လည်း ပဒို မန်းမန်းက အခုလိုဆက်ပြောပါတယ်။

"အဓိက ကျနော်တို့ ဒီနေ့သွားနေတဲ့ နိုင်ငံရေးလမ်းစဉ်နဲ့ လုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေပေါ်မှာ ကျနော်တို့ ဒီနိုင်ငံရေးအရ ဘုံသဘောတူညီချက် ဘယ်လိုဆက်သွားနိုင်မလဲဆိုတာကို ရရှိဖို့ရယ်၊ နောက်ေန့ ကျနော်တို့ သတင်းထွက်ပေါ်နေတဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးပဲပြောပြောပေါ့၊ အလုံးစုံအပစ်အခတ်ရပ်စဲရေးလို့ အစိုးရက ခေါ်ယူမယ်ဆိုတဲ့ကိစ္စအပေါ်မှာကို လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေကနေပြီးတော့မှ ဒီအပေါ်မှာကို ဘယ်လိုသဘောထားမလဲ ဘယ်လိုရပ်တည်မလဲဆိုတဲ့ ကိစ္စကိုလည်းပဲ ဆွေးနွေးညှိနှိုင်းသွားဖို့လည်းပဲ ရှိပါတယ်။ နိုင်ငံရေးမူဘောင်တွေအပေါ်မှာ ကျနော်တို့ရှေ့ဆက်ပြီးတော့ ဖယ်ဒရယ်ပြည်တောင်စု တည်ဆောက်နိုင်ဖို့အတွက်ကို လမ်းပြမြေပုံပဲပြောပြော၊ နိုင်ငံရေးအရ မူဘောင်ပဲပြောပြောပေါ့၊ ဆက်ပြီးတော့ ဆောင်ရွက်နိုင်မယ်ဆိုတာကိုလည်းပဲ ဘုံသဘောတူညီချက်ကို ရယူသွားဖို့ရှိပါတယ်"

ညီလာခံ ပထမ ၃ ရက်မှာ တိုင်းရင်းသား အဖွဲ့အစည်းက ခေါင်းဆောင်တွေပဲ ပါဝင်ဆွေးနွေးကြမှာဖြစ်ပြီး ညီလာခံနောက်ဆုံးရက်ဖြစ်တဲ့ သြဂုတ်လ ၁ ရက်နေ့မှာတော့ ဒီမိုကရေစီအင်အားစုက ခေါင်းဆောင်တွေပါ တက်ရောက်ဆွေးနွေးမှာဖြစ်ပြီး ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

UNFC ကဦးဆောင်ပြီး ပထမအကြိမ် ကျင်းပခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ညီလာခံမှာ တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ WGEC အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်နဲ့ ပင်လုံစိတ်ဓါတ်ကိုအခြေခံတဲ့ ပြည်ထောင်စုညီလာခံတစ်ရပ် ခေါ်ယူကျင်းပသွားဖို့အပါအဝင် အချက် ၆ ချက် သဘောတူညီခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။