ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၃ ရက်တာ ကျင်းပပြီးစီးသွားတဲ့ တိုင်းရင်းသားလူမျိုးများ ညီလာခံက မြန်မာနိုင်ငံကို ဖယ်ဒရယ်ပြည်ထောင်စုစနစ်နဲ့ ဖွဲ့စည်းသွားဖိုု့၊ အဲဒီလိုဖွဲ့စည်းပြီးတဲ့အခါမှာ တပ်မတော်ကိုလည်း ဖယ်ဒရယ်ပြည်တောင်စု တပ်မတော်အသွင်နဲ့ ဖွဲ့စည်းဖို့ကိစ္စ အပါအဝင်အချက် ၁ဝ ချက်ကို သဘောတူဆုံးဖြတ်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
အဲဒီ ၁ဝ ချက်ထဲမှာ ၂ဝ၁၂ ခုနှစ် စက်တင်ဘာလက ချမှတ်ထားတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေးလုပ်ငန်းစဉ် ၆ ချက်လည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်မှန်သော ဖယ်ဒရယ်ပြည်တောင်စုမူနဲ့ ကိုက်ညီမှု မရှိတဲ့အတွက် အခြေခံဥပဒေအသစ်တစ်ခုကို ရေးဆွဲပြဌာန်းသွားဖို့ကိုလည်း သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။
တိုင်းရင်းသားခေါင်းဆောင်တွေဟာ ဒီကနေ့မှာတော့ ပြည်တွင်းပြည်ပမှာရှိတဲ့ ဒီမိုကရေစီအင်အားစု ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး၊ ဘုံလုပ်ငန်းစဉ်တွေကို ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်သွားဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
တိုင်းရင်းသားပေါင်းစုံ ညီလာခံကို လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေရဲ့ UNFC တပ်ပေါင်းစု၊ ပြည်တွင်းကတိုင်းရင်းသားပါတီတွေရဲ့ UNAတပ်ပေါင်းစုအပါအဝင် UWSA ဝပြည်သွေးစည်းညီညွှတ်ရေး၊ SSA မြောက်နဲ့ အမေရိကန်၊ ဗြိတိန်၊ ဂျပန် စတဲ့ ပြည်ပအခြေစိုက် တိုင်းရင်းသား ကိုယ်စားလှယ် စုစုပေါင်း ၁၂၂ ယောက် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။