လာမယ့် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ MPC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံဆွေးနွေး ဖို့ သဘောတူထားခဲ့ပေမဲ့ လိုင်ဇာမြို့မှာ ရှိတဲ့ ကေအိုင်အေ အရာရှိသင်တန်းကျောင်း တိုက်ခိုက် ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရဘက်က တစ်စုံတစ်ရာ ရှင်းလင်းပြောဆိုတာ မရှိသေးတာကြောင့် တိုင်းရင်း သားတွေဘက်ကတွေ့ဆုံဖို့ ဆုံးဖြတ်ချက်မချသေးဘူးလို့ သိရပါတယ်။ ရန်ကုန်မြို့မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့ အဲဒီ့လို နှစ်ဘက်တွေ့ဆုံဆွေးနွေးဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က အကြောင်းကြား ထားခဲ့တာဖြစ်ပါတယ်။
အစိုးရဘက်က အကြောင်းပြန်ကြားမယ့်အပေါ်မှာ မူတည်ပြီး တွေ့ဆုံဆွေးနွေးရေးအတွက် ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။
"အစိုးရဘက်ကရယ် တပ်မတော်ဘက်ကရယ် ဒီလိုနားလည်မှုလွဲတာ ယုံကြည်မှုကျဆင်းတာကို ဘယ်လိုပုံစံမျိုး နဲ့ မြှင့်တင်မလဲ၊ ဘယ်လိုအဖြေရှာမလဲ၊ ဘယ်လိုကုစားမလဲပေါ့ဗျာ၊ နောက်နောင်မှာ ဒီလိုအဖြစ်အပျက်မျိုးတွေ ထပ်ပြီးတော့မဖြစ်ပေါ်အောင် ဘယ်လိုလုပ်မလဲ၊ အဲဒီ့အချက်တွေကလည်း အရေးကြီးတယ်ဆိုတော့ အချက်အလက်တွေ ပြည့်ပြည့်စုံစုံလေးရပြီးရင်တော့ အဆင်ပြေမယ်လို့ ယူဆပါတယ်""
NCCT နဲ့ MPC တို့ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ဒီရက်ပိုင်းအတွင်း အလွတ်သဘော တွေ့ဆုံဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။
