ပြည်ပအခြေစိုက် တိုင်းရင်းသား သတင်းမီဒီယာဌာနတွေ အပါအဝင် ပြည်တွင်းပြည်ပ တိုင်းရင်းသား သတင်းဌာနပေါင်းစုံပါဝင်တဲ့ တိုင်းရင်းသား မီဒီယာညီလာခံကို ပထမဆုံးအကြိမ်အဖြစ် မွန်ပြည်နယ်၊ မော်လမြိုင်မြို့က Strand Hotel မှာ ဒီကနေ့ စတင်ကျင်းပခဲ့ပါတယ်။
တိုင်းရင်းသာ မီဒီယာတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရည်ရွယ်ကျင်းပတဲ့ ဒီညီလာခံအစ ပထမနေ့မှာ အသွင်ကူးပြောင်းရေးကာလမှာ တိုင်းရင်းသား မီဒီယာတွေရဲ့ အရေးပါမှုနဲ့ တိုင်းရင်းသားမီဒီယာတွေရဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်လိုအခက်အခဲတွေ ရှိနေလဲဆိုတာကို ဆွေးနွေးခဲ့တယ်လို့ ဒီညီလာခံကို တက်ရောက်နေတဲ့ ခေါ်ခိုနူမ်းထုန် သတင်းဌာနမှ အယ်ဒီတာချုပ် ကိုထက်နီက RFA ကို အခုလို ပြောပါတယ်။
"ဒီနေ့ ကျနော်တို့ တိုင်းရင်းသား မီဒီယာတွေရဲ့ အခန်းကဏ္ဍ ဘယ်လောက်အရေးကြီးသလဲ၊ ပြည်တွင်းအခြေစိုက် မီဒီယာတွေနဲ့ ဘယ်လိုချိတ်ဆက်လုပ်မလဲ၊ ပြီးတော့ တိုင်းရင်းသား မီဒီယာတွေရဲ့ ရပ်တည်ချက်တွေ ဘယ်လောက်ခိုင်မာမှုရှိအောင် ဘယ်လိုလုပ်မလဲ၊ ဘာအခွင့်အရေးတွေ ရနိုင်သလဲဆိုတဲ့ဟာတွေကို ဒီနေ့အဓိကထားပြီး ဆွေးနွေးတာပါ"
မော်လမြိုင်မြို့မှာကျင်းပတဲ့ ဒီညီလာခံကို ပြည်တွင်းပြည်ပအခြေစိုက် တိုင်းရင်းသား သတင်းဌာနတွေက တာဝန်ရှိပုဂ္ဂိုလ်တွေ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်နဲ့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ၊ ပြန်ကြားဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ၊ ပြည်တွင်းပြည်ပမှ သတင်းနဲ့ မီဒီယာတွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီညီလာခံကို သုံးရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။
