တိုင်းရင်းသား မီဒီယာညီလာခံ တောင်ကြီးမြို့မှာ စတင်ကျင်းပ

တိုင်းရင်းသား သတင်းမီဒီယာ အဖွဲ့အစည်းတွေ ၄၀ ကျော် တက်ရောက်နေတဲ့ တိုင်းရင်းသား သတင်းမီဒီယာညီလာခံကို ဒီနေ့ ရှမ်းပြည်နယ်တောင် ပိုင်း တောင်ကြီးမြို့မှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။

၃ ရက်ကြာကျင်းပမယ့် ညီလာခံကနေ တိုင်းရင်းသားဒေသတွေမှာ သတင်းယူနေတဲ့ သတင်းထောက်တွေရဲ့ လုံခြုံရေးနဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းနိုင်ဖို့ တိုင်းရင်းသား သတင်းမီဒီယာ ကွန်ရက်ကို ဖွဲ့စည်းသွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူ ကရင်သတင်းဌာနက တာဝန်ခံအယ်ဒီတာ နန်းဖောဂေက ပြောပါတယ်။

"မီဒီယာအခန်းကဏ္ဍမှာဆိုလို့ရှိရင် တိုင်းရင်း မီဒီယာတွေရဲ့ အခန်းကဏ္ဍ အရေးကြီးတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျမတို့က ဒီညီလာခံကို လုပ်ခဲ့တာပေါ့နော်၊ တိုင်းရင်းမီဒီယာ ကွန်ရက်ပေါ့နော်၊ ဒီကွန်ရက်လေး ဖြစ်လာဖို့ အတွက် ကျမတို့ ဘယ်လိုပုံစံမျိုးနဲ့ စနစ်တကျ ဖွဲ့စည်းထားမလဲ၊ ဘယ်လိုမျိုး ဗျူဟာမျိုးရေးဆွဲပြီးတော့ အကောင်အထည်ဖော်သွားမလဲဆိုတာမျိုးကို ရည်ရွယ်ပါတယ်၊ အပစ်အခတ်ရပ်စဲရေးလုပ်နေ တဲ့ ဒေသတွေဟာလည်း တိုင်းရင်းသားဒေသတွေပဲ အများစုဖြစ်နေတဲ့အခါကျတော့ ဒီကာလမှာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဝင်လာစရာတွေ အများကြီးရှိတယ်ဆိုတော့ အဲဒီအခြေအနေတွေ ကိုလည်း ကျမတို့က တတ်နိုင်သလောက် ရေးသားဖော်ထုတ်သွားမည့် အပိုင်းလေးတွေကိုလည်း လုပ်ဆောင်နေတာရှိပါတယ်"


အဲ့ဒီညီလာခံကို Burma News International (BNI) ၊ သျှမ်းသံတော်ဆင့်နဲ့ ရိုးမအလင်းလူမှုကွန်ရက် (တောင်ကြီး)တို့က ဦးဆောင်ကျင်းပတာဖြစ်ပြီး ပထမအကြိမ်ညီလာခံကို ပြီးခဲ့တဲ့နှစ် ဧပြီလက မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပခဲ့ပါတယ်။

နိုင်ငံတော်သမတ ဦးသိန်းစိန်အစိုးရက တိုင်းရင်းသား သတင်းမီဒီယာတွေကို ပြည်တွင်းမှာ ရပ်တည်ခွင့်ပြုလိုက်ပြီးကတည်းက တိုင်းရင်းသား မီဒီယာတွေဟာ သက်ဆိုင်ရာ ချင်း၊ မွန်၊ ကယား စတဲ့ ဘာသာစကားတွေနဲ့ ဂျာနယ်တွေ ထုတ်ဝေနေပါတယ်။