တိုင်းရင်းသား မီဒီယာ ညီလာခံက တောင်းဆိုချက်များ

0:00 / 0:00

မော်လမြိုင်မြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသား မီဒီယာညီလာခံက လွတ်လပ်စွာပြောဆိုခွင့်ကို အခြေခံပြီး နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ မီဒီယာဥပဒေ ထွက်ပေါ်လာရေးအတွက် ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

တိုင်းရင်းသား မီဒီယာတွေအပါအဝင် သတင်းမီဒီယာအဖွဲ့ပေါင်း ၃၄ ဖွဲ့ တက်ရောက်တဲ့ ပထမဆုံးအကြိမ် တိုင်းရင်းသား မီဒီယာညီလာခံကနေ အချက် ၄ ချက်ပါ သဘောထားကြေညာချက်ကို ထုတ်ပြန်တောင်းဆိုလိုက်တာပါ။

မကြာခင် ထွက်ပေါ်လာမယ့် မီဒီယာဥပဒေမှာ တိုင်းရင်းသား မီဒီယာတွေ ဖွံဖြိုးတိုးတက်လာရေးနဲ့ တိုင်းရင်းသား မီဒီယာတွေရဲ့ အခန်းကဏ္ဍကို တိတိကျကျဖေါ်ပြပေးဖို့လည်း တောင်းဆိုထားပါတယ်။ ဒါ့အပြင်သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးတွေမှာ ပုံနှိပ်မီဒီယာအပါအဝင် အသံလွှင့်ဌာနတွေ တည်ထောင်သွားနိုင်ဖို့ကိုလည်း သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေက အကူအညီပေးဖို့ကိုလည်း ပြောထားပါတယ်။

မွန်ပြည်နယ် မော်လမြို့မှာ သုံးရက်ကြာကျင်းပခဲ့တဲ့ ဒီညီလာခံမှာ ကျယ်ပြန့်တဲ့ တိုင်းရင်းသား မီဒီယာ ကွန်ရက်တစ်ခုဖွဲ့စည်းဖို့လည်း သဘောတူညီခဲ့ကြပြီး ညီလာခံကို ပြည်တွင်းပြည်ပမှာ အခြေစိုက်တဲ့ တိုင်းရင်သား မီဒီယာတွေအပါဝင် သတင်းနဲ့ မီဒီယာ ၃၄ ဖွဲ့၊ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံနိုင်ငံ စာနယ်ဇင်းကောင်စီတို့က ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ လူထုအခြေပြုအဖွဲ့စည်းတွေ တက်ရောက်ခဲ့ကြပါတယ်။

တိုင်းရင်းသား မီဒီယာညီလာခံမှာ တက်ရောက်ကြတဲ့ ကိုယ်စားလှယ်တချို့ရဲ့ အမြင်တွေကို RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင် တင်ပြထားပါတယ်။