ရွေးကောက်ပွဲဆန့်ကျင်ရေးသီချင်းများ တိုင်းရင်းသူများ သီဆိုဖြန့်ဝေ

ထိုင်းနိုင်ငံအခြေစိုက် Altsean ခေါ် အာဆီယံစင်ပြိုင်အဖွဲ့က အမျိုးသမီး စွမ်းရည်မြှင့် သင်တန်းတက်နေတဲ့ တိုင်းရင်းသူတွေကနေ စစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲကို တညီတညွတ်တည်း ဆန့်ကျင်ကြဖို့ နှိုးဆော်တဲ့ တေးသီချင်း သုံးပုဒ်ကို အောက်တိုဘာ ၁၃ ရက် ဒီကနေ့ စတင် ဖြန့်ဝေလိုက်ပါတယ်။

ထူးခြားချက်အနေနဲ့ သီချင်းတွေရဲ့သံစဉ်တွေကို မြန်မာ ခလေးငယ်တွေအတွက် အလွယ်တကူ သီဆိုလေ့ ရှိတဲ့ သံစဉ်အတိုင်း ဖန်တီးထားတယ်လို့ ပါဝင်သီဆိုသူတဦး ဖြစ်တဲ့ ကချင်အမျိုးသမီးငယ် ဆန်းမိုင်က ပြောပါတယ်။

“ကျွန်မတို့ တိုင်းရင်းသူတွေကြားမှာ ဒီသီချင်း ဖြစ်လာဖို့ကို ကျွန်မတို့ တိုင်ပင်ဆွေးနွေးကြတယ်။ အဲဒီအချိန်မှာ ဘယ်လိုသီချင်းကို ဆိုဖြစ်ရင် ကောင်းမလဲဆိုတဲ့အချိန်မှာ ကျွန်မတို့က ဒီ ကလေးသီချင်းပေါ့နော်၊ ဗမာပြည်က ကျွန်မတို့ လူငယ်တွေ၊ လူကြီးတွေ၊ ကလေးတွေက ကြားဖူးပြီးသား၊ ရင်းနှီးပြီးသား သီချင်းဖြစ်တယ်။ အဲဒီ သီချင်းပေါ်မှာ ကျွန်မတို့ ပေးချင်တဲ့ သတင်းစကားကို ဒီထဲထည့်ပြီးတော့ ကျွန်မတို့ သတင်းပေးလို့ရှိရင် ပိုပြီးတော့ လူထုတွေ ကြားတဲ့အချိန်မှာ လွယ်လွယ်ကူကူနဲ့ ကျွန်မတို့ရဲ့ သတင်းတွေကို ကြားသွားမယ်။ ပြီးလို့ရှိရင် သူတို့ တဆင့်စကားတဆင့် လွယ်လွယ်ကူကူနဲ့ ပြန်ပြီးတော့ သတင်းကို ပြောပြနိုင်မယ်ဆိုပြီးမှ ကျွန်မတို့ ဒီသီချင်းကို ရေးဖြစ်တာပေါ့နော်။”

ပါဝင်သီဆိုတဲ့ တိုင်းရင်းသူတွေထဲမှာ ကချင်၊ လားဟူ၊ ရခိုင်၊ မွန်၊ ကရင်နီ၊ ကယော စတာတွေ ပါဝင်ပါတယ်။ ရွေးကောက်ပွဲကို စစ်အစိုးရက တဖက်သက်ကျင်းပတာ ဖြစ်ပြီး ရလဒ်အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုပြီး များလာမယ်၊ ပြည်သူပြည်သားတွေ ပိုပြီး ဒုက္ခရောက်ကြလိမ့်မယ်ဆိုတဲ့ အချက်တွေကို တိုင်းရင်းသူအမျိုးသမီးငယ်တွေက သီဆိုထားပါတယ်။

စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ မဲဆွယ်သီချင်းမှာတော့ ဟင်္သာတမြင့်ငွေ ရေးသားပြီး မို့မို့ဇော်ဝင်း၊ ပပဝင်းခင်၊ ဆုပန်ထွာ၊ နန်းဆုရတီစိုး စတဲ့ အနုပညာရှင်တွေ ပါဝင်သီဆိုထားပါတယ်။