မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားခဲ့ကြတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အပါအဝင် လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက မြန်မာနိုင်ငံမှာ အစိုးရအပြောင်းအလဲ ဖြစ်ပြီးရင် သူတို့ဖက်က ဘာတွေလုပ်ကြမယ် ဆိုတာကို ဆွေးနွေးကြတာပါ၊
ဒီကနေ့ ပြီးစီးသွားတဲ့ ၃ ရက်ကြာ ဆွေးနွေးပွဲကို ထိုင်းမြန်မာ နယ်စပ်တနေရာမှာ ပြုလုပ်ခဲ့တာပါ။ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ဖယ်ဒရယ် ပြည်တောင်စု ပေါ်ထွန်းရေးကော်မတီကို နိုဝင်ဘာလ ၄ ရက်နေ့မှာ ဖွဲ့စည်း ခဲ့ပြီးနောက် တဆက်တည်း ဒီအလုပ်ရုံဆွေးနွေးပွဲကိုလုပ်ဖို့ စီစဉ်လိုက်တာလို့ သိရပါတယ်။
အဓိက ဆွေးနွေးတိုင်ပင်ခဲ့ကြတာနဲ့ပတ်သက်ပြီး ဖက်ဒရယ် ပြည်တောင်စု ပေါ်ထွန်းရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးရွှေမျိုးသန့် က RFA ကို အခုလို ပြောပါတယ်၊
“အဓိကတော့ ကျနော်တို့က ကွန်မြူနီကေးရှင်း စထရက်တဂျီ ပေါ့လေ။ ဆိုလိုတာက ဒီ ကျနော်တို့ ဒီမှာ စုဖွဲ့ထားတဲ့ အုပ်စု တွေရယ် တကယ်လည်း အထဲမှာ နိုင်ငံရေးအာဏာကို ယူနိုင်တဲ့ ယူမဲ့ အစုအဖွဲ့တွေကြားထဲမှာ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ရေးကို ဘယ်လိုလုပ်မလဲ ဆိုတဲ့ သဘောပါပဲ။ တိုင်းရင်းသားတွေအချင်းချင်း အဲဒါလည်းပါတယ်။ ပြီးတော့တကယ်လို့ ရွေးကောက်ပွဲကိစ္စ ကောင်းကောင်းမွန်မွန် ဖြစ်လို့ အာဏာတွေ ယူကြလို့ ရှိရင် နောက်တက်လာတဲ့ အစိုးရရဲ့ ဌာနဆိုင်ရာ လူတွေ တချို့အဖွဲ့အစည်းမှာ ပါတဲ့လူတွေနဲ့ပေါ့လေ။ ဆိုလိုတာက ဒီတိုင်းပြည် အပြောင်းအလဲတခုဖြစ်အောင် ကျနော်တို့ ဆီကနေပြီးတော့ သူတို့ဆီကို ဘယ်လို အင်စထရုမင့်နဲ့ပေါ့နော်၊ ကျနော်တို့ မူ သဘောထားတွေကို ပေါ်လစီတွေကို အဲဒီအထဲမှာ သူတို့ကနေတဆင့် အပြောင်းအလဲ ဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ သဘောပေါ့လေ။”
တိုင်းရင်းသား အဖွဲ့အစည်းတွေအကြား ဆက်သွယ်ဆောင်ရွက်ရေးဆိုင်ရာ မဟာဗျူဟာကို ဆွေးနွေး တိုင်ပင်ခဲ့ကြသလို ဖယ်ဒရယ် ပြည်တောင်စု ပေါ်ထွန်းရေးကော်မတီ CEFU အဖွဲ့ရဲ့ ကြေညာစာတမ်း ရေးသားနိုင်ဖို့အတွက် အခြေခံ အချက်အလက်တွေကို စုခဲ့ကြတယ်လို့ ဦးရွှေမျိုးသန့် က ဆက်ပြောပါတယ်။
“ကျနော်တို့ ဒီ CEFU အဖွဲ့က ဘာကြောင့်ဖွဲ့ရသလဲ၊ ဘာရည်ရွယ်ချက်တွေနဲ့ ဖွဲ့သလဲ၊ ဘယ်သူတွေပါသလဲ၊ ရေရှည် ရည်မှန်းချက်တွေဘာရှိမလဲ။ ကျနော်တို့ရဲ့ အကြောင်းကို ကျနော်တို့ အပြည်ပြည်ဆိုင်ရာတွေ ထဲမှာရှိတဲ့ လူထုတွေ အစိုးရ အဖွဲ့မှာဖြစ်လာနိုင်တဲ့ လူပဂွိုလ်တွေ သူတို့ကိုချပြတဲ့သဘောပဲ။ ပြီးလို့ရှိရင် ကျနော်တို့ တကယ် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေ ဘာကြောင့် စုစည်းရလဲ ဆိုတဲ့အချက်အလက်တွေ ဒီ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ ပိုပြီးတော့ ခိုင်မာတဲ့ စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေ ဘယ်လိုမျိုး ချမှတ်သွားမလဲ စသဖြင့် အဲ့ဒါတွေကို အများသိအောင် လုပ်ဖို့ လိုအပ်တဲ့အခါမှာ ကြေညာစာတမ်း ရေးဖို့လည်း ပါတယ်။”
အခု တွေ့ဆုံ ဆွေးနွေးခဲ့ကြတဲ့အဖွဲ့ ၄ ဖွဲ့ကတော့ စစ်အစိုးရနဲ့ အပစ်ရပ်ထားပေမဲ့ စစ်အစိုးရအလိုကျ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ လက်မခံတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP) အဖွဲ့တွေအပြင် စစ်အစိုးရကို ဆက်လက် တိုက်ခိုက်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) စတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့က ခေါင်းဆောင်တွေ ပါဝင်ကြတယ်လို့ သိရပါတယ်။
ကျန် ၂ ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး CNF နဲ့၊ အပစ်ရပ် သဘောတူထားပြီး ဦးပန်ဖ ခေါင်းဆောင်တဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အဖွဲ့တို့ကတော့ အခုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို မတက်ရောက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။
