တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ကတိပေး

လာမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့အပြင် ဒီမိုကရေစီ နည်းလမ်းတကျ ဖြစ်စေရပါမယ်လို့ မြန်မာအစိုးရနဲ့ လာရောက် ဆွေးနွေးနေတဲ့ ဥရောပသမဂ္ဂ အီးယူ ထိပ်တန်းအရာရှိတွေကို လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကတိပေးလိုက်ပါတယ်။

အီးယူအဖွဲ့ ကိုယ်စားလှယ် အီးယူရဲ့ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ကော်မရှင်နာ မစ္စတာ Andris Piebalgs နဲ့ ဂျာမန်အစိုးရ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ဝန်ကြီး မစ္စတာ Dirk Niebel တို့ဟာ အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ သမ္မတ ဦးသိန်းစိန်တို့နဲ့ ဆွေးနွေးခဲ့ပါတယ်။ အီးယူအဖွဲ့က နောက်လာမယ့် ၂ နှစ်အတွင်း ယူရိုငွေ သန်း ၁၅၀၊ ဒေါ်လာနဲ့ဆိုရင် သန်း ၂၀၀ မြန်မာနိုင်ငံကို အကူအညီပေးမယ့် အစီအစဉ်ကိုလည်း ဆွေးနွေးခဲ့ပါတယ်။ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ လစ်လပ် ၄၈ နေရာရှိပြီး ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိရစေမယ်လို့ သူရဦးရွှေမန်းက ကတိပေးခဲ့ပါတယ်။ ဒီကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အမတ်နေရာ နည်းပေမယ့် ဒေါ်အောင်ဆန်းစုကြည် ပါလီမန်ထဲ ရောက်လာရင် လက်ရှိအစိုးရဟာ နိုင်ငံတကာမှာ တရားဝင်မှု ပိုအားကောင်းလာမယ်လို့ သုံးသပ်ကြပါတယ်။ ဂျာမန်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဝန်ကြီး မစ္စတာ Niebel က လာမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိမယ်ဆိုရင် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းလိမ့်မယ်လို့ မိမိအနေနဲ့ မျှော်လင့်ကြောင်းလည်း ဒီကနေ့ အစည်းအဝေးအပြီးမှာ ပြောခဲ့ပါတယ်။ Mr Andris Piebalgs ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Mr Wojtek TALKO ကို မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းပြီး တင်ပြပါမယ်။

0:00 / 0:00