သမ္မတ ဦးသိန်းစိန်ဟာ အဓိကကျတဲ့ ပြုပြင်ရေးသမား ဖြစ်တယ်ဆိုတာ အခိုင်အမာ သိခဲ့ရပါတယ်လို့ မြန်မာအစိုးရအဖွဲ့နဲ့ တွေ့ဆုံအပြီး မစ္စတာ Andris က ရိုက်တာသတင်းဌာနကို ပြောဆိုပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ထပ်လွတ်လာဖွယ်ရှိကြောင်း ဦးရွှေမန်းက ပြောဆိုခဲ့တယ်လို့လည်း DPA သတင်းက ဖော်ပြပါတယ်။
မြန်မာအပေါ် ပိတ်ဆို့မှုတွေအားလုံး အီးယူက အမြန်ရုပ်သိမ်းချင်နေတဲ့ လက္ခဏာတွေ ပေါ်လွင်နေတယ်လို့ သတင်းဌာနတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့လက မြန်မာအစိုးရ ခေါင်းဆောင်တွေအပေါ် ပြည်ဝင်ခွင့်တွေ ပိတ်ပင်ထားတာကို အီးယူက ရုပ်သိမ်းခဲ့ပါတယ်။ နောက်ထပ် ရုပ်သိမ်းမှုတွေထဲမှာ အီးယူ ဈေးကွက်ထဲကို လွတ်လွတ်လပ်လပ် ၀င်ရောက်ခွင့် ပါဝင်ဖွယ်ရှိပါတယ်။ လက်နက်ကလွဲပြီး ကျန်တာအားလုံး ပါဝင်မှာပါလို့ မစ္စတာ Andris က ပြောပါတယ်။
မြန်မာပြည်မှာ အခွင့်အလမ်းတွေ ကြီးကြီးမားမား ရှိနေတယ်ဆိုတာ ယုံကြည်ပေမယ့် ဥရောပ စီးပွားရေးသမားတွေက အတော် သတိထားသူတွေမို့ မြန်မာပြည်ကို တစ်ခါတည်း ဦးတည် ပြေးလာကြမှာ မဟုတ်ကြောင်း၊ လက်ရှိ အပြောင်းအလဲတွေ ဘယ်လောက် တည်တံ့ ခိုင်မာနိုင်သလဲဆိုတာ စူးစမ်းကြဦးမှာဖြစ်ကြောင်း၊ မြန်မာကသာ အခုသွားနေတဲ့ ပြုပြင်ရေး လမ်းကြောင်းအတိုင်း သွားနေရင် အီးယူ အဖွဲ့ဝင်နိုင်ငံတွေ ယုံကြည်အောင် ကြိုးစားမယ့်အကြောင်း မြန်မာအစိုးရကို မိမိပြောဆိုခဲ့တယ်လို့ မစ္စတာ Andris က ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံအတွက် အကြီးမားဆုံး အင်အားတစ်ရပ် ဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။