လွှတ်တော်ကနေ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်သုံးသပ်နေတာကို ထောက် ခံကြောင်း နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ အီးယူ-မြန်မာ ဆွေးနွေးပွဲအပြီးမှာ အီးယူအဖွဲ့က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော်ကာလ အတွင်း ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးဖို့လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိမ်းနဲ့အတူပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ RFA ရဲ့ မေးမြန်းချက်ကို အီးယူဒုတိယဥက္ကဌ Catherine Ashton က အခုလို ဖြေကြားခဲ့တာပါ။
"လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရမယ်ဆိုတာ ယုံကြည်ပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်တာ ဆွေးနွေးပွဲမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး အကြိမ်အတော်များများ ဆွေးနွေးဖြစ်ပါတယ်။ လာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် အစိုးရဖက်က ကြိုးပမ်းနေတယ်ဆိုတာ ကျွန်မ အသေအချာပြောနိုင်ပါတယ်"
သမ္မတ ဦးသိန်းစိန်ကလည်း လာမယ့် ၂၀၁၅ ခုနှစ်မှာ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရမယ်လို့ မျှော်လင့်ကြောင်း ဒီကနေ့ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ အခုလို ပြောကြားသွားခဲ့ပါတယ်။
"ကျနော်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၂ဝ၁၅ မှာရနိုင်ဖို့ ကြိုးစားနေပါတယ်၊ ဒီလိုသဘောတူညီချက်ရရှိဖို့ လိုအပ်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲ မူဘောင်များရရှိအောင် လက်ရှိမှာ ကြိုးစားဆောင်ရွက်လျှက်ရှိနေပါတယ်၊ လွတ်လပ်ရေးရကတည်းက ယခုအချိန်အထိ မရရှိသေးတဲ့ တစ်ပြည်လုံးငြိမ်းချမ်းရေးကို မြန်မာပြည်သူများအားလုံး ရရှိခံစားနိုင်ဖို့ဆိုတာ ကျနော်တို့အတွက် အဓိကဦးစားပေးကိစ္စတစ်ခုပဲ ဖြစ်ပါတယ်"
ဒီနေ့ကျင်းပတဲ့ အီးယူ-မြန်မာဆွေးနွေးပွဲကို နိုင်ငံရေး၊ စီးပွားရေးနဲ့ ပါလီမန်ရေးရာဆိုပြီး ၃ မျိုးခွဲ ဆွေးနွေးခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးနဲ့ပါလီမန်ရေးရာ ဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအပြင် မြန်မာနိုင်ငံကို ငြိမ်းချမ်းတဲ့နိုင်ငံဖြစ်လာရေး၊ တိုင်းရင်းသားအားလုံး မျှော်မှန်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး စတဲ့အချက်တွေကို ဆွေးနွေးခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အရည်အသွေးမြင့်တင်ရေးဆိုင်ရာ လိုအပ်ချက်တွေကို ဆွေးနွေးသွားခဲ့ပါတယ်။
ဒီအကြောင်း အာအက်ဖ်အေ သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။