EU သံကိုယ်စားလှယ်အဖွဲ့နှင့် ရခိုင်ဘာသာရေး ခေါင်းဆောင် များ ဆွေးနွေး

အီးယူ ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး Mr. Roland Kobia ဦးဆောင်တဲ့ သံအမတ်ကြီးတွေဟာ စစ်တွေမြို့ က ရခိုင်တိုင်းရင်းသား ဘာသာရေးခေါင်းဆောင်တွေ နဲ့ စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းမှာ ဒီကနေ့ မနက်ပိုင်းက မေးမြန်းလျှောက်ထားခဲ့ကြပါတယ်။

အဲသည်လိုတွေ့ဆုံရာမှာ ရခိုင်တိုင်းရင်းသား ဘာသာရေးခေါင်းဆောင် ဆရာတော်တစ်ပါးဖြစ်သူ အရှင်စန္ဒာဝရက ရခိုင်တိုင်းရင်းသားတွေဟာ ငြိမ်းချမ်းရေးကို လိုလားကြတဲ့သူတွေဖြစ်ပြီး မွတ်စလင်တွေအနေနဲ့လည်း နိုင်ငံရဲ့အချုပ် အခြာအာဏာကို လေးစားလိုက်နာဖို့ လိုအပ်ကြောင်း သံအမတ်ကြီးတွေကို အခုလို မိန့်ကြားခဲ့ပါတယ်။

"ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို လေးစားလိုက်နာရင် အဲဒီပြဿနာက ငြိမ်းသွားမှာပဲ၊ ဦးဇင်းတို့ ဖြစ်လာတဲ့တလျှာက်မှာ ဗုဒ္ဓဘာသာက စပြီးတော့လုပ်တာ မဟုတ်ဘူး၊ အဲဒါ ဗုဒ္ဓဘာသာတွေက ငြိမ်းငြိမ်းချမ်းချမ်းနေချင်တယ်၊ ပြဿနာကို ငြိမ်းချမ်းစေချင်တယ်"


ရခိုင်ပြည်နယ်အတွင်း နှစ်ဦးနှစ်ဘက် ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ဖို့အတွက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ဆရာတော်တွေက မိန့်ကြားခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ဖြစ်ပွားနေတဲ့ ပြဿနာတွေဟာ သမိုင်းနဲ့ချီလာတဲ့ ကိစ္စရပ်တွေဖြစ်တဲ့အတွက် ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့ ရေတိုအစီအမံတွေနဲ့ မဖြစ်နိုင်ဘဲ ရေရှည်အစီအမံတွေနဲ့သာ ဆောင်ရွက်သင့်ကြောင်းလည်း ဆရာတော်တွေက မိန့်ကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး Mr. Roland Kobia ဦးဆောင်တဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက သံအမတ်ကြီးးတွေဟာ ရခိုင်ဒေသတွင်းက အခြေအနေတွေကို လေ့လာဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က စစ်တွေမြို့ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

သံအမတ်ကြီးတွေအနေနဲ့ ရခိုင်ခရီးစဉ်အတွင်း ဒုက္ခသည်စခန်းအချို့ကို သွားရောက်လေ့လာခဲ့သလို စစ်တွေအပြင် မောင်တော၊ မြောက်ဦး၊ မြေပုံ စတဲ့မြို့တွေမှာ နိုင်ငံရေးပါတီတွေ၊ နှစ်ဘက်ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။