ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ် ဒုက္ခသည်တွေအတွက် ဒေါ်လာ ၄ သန်း အီးယူထောက်ပံ့


2013.11.23

မြန်မာနိုင်ငံက ပဋိပက္ခဖြစ်ပွားရာဒေသတွေက ဒုက္ခသည်တွေရဲ့ စားနပ်ရိက္ခာ၊ ကျန်းမာရေးနဲ့ ဘဝပြန်လည်ထူထောင်ရေးတွေအတွက် အမေရိကန်ဒေါ်လာ ၄ သန်းကျော်နဲ့ ညီမျှတဲ့ ယူရိုငွေ ၃ သန်း ထောက်ပံ့ဖို့ ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ EU က မနေ့က ကြေညာပါတယ်။

ဒီအကူညီကို ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက အစိုးရတပ်နဲ့ KIA တပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာထွက်ပြေးနေထိုင်ကြရတဲ့ စစ်ဘေးဒုက္ခသည်တွေ၊ ရခိုင်ပြည်နယ်က လူမျိုးရေးဘာသားရေး ပဋိပက္ခတွေကြောင့် အတိဒုက္ခရောက်ရသူတွေရဲ့ စားဝတ်နေရေး၊ ဘဝပြန်လည်ထူထောင်ရေးတွေအတွက် သီးသန့်အသုံးပြုသွားမယ်လို့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့မှာ မနေ့က ထုတ်ပြန်တဲ့ ဥရောပကော်မရှင်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်မှုတွေကြောင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေရပ်ဆိုင်းပြီး ဝယ်ယူစားသောက်ရမယ့် နေရာတွေနဲ့လည်းဝေးကွာပြီး မိသားစုအလိုက် ထွက်ပြေးနေကြရတဲ့ ပြည်သူတွေအတွက် ဥရောပသမဂ္ဂအနေနဲ့  အထူးစိုးရိမ်ပူပန်ရဆဲဖြစ်ကြောင်း၊ ဒီဒုက္ခသည်တွေအတွက် မိသားစုအသက်ရှင် ရပ်တည်ရေးအတွက် စွန့်စားနေထိုင်နေကြရကြောင်း၊ ဒီပြည်သူတွေကို စားနပ်ရိက္ခာနဲ့ အသက်ရှင်ရပ်တည်ရေး ထိထိရောက်ရောက် အကူညီပေးနိုင်တဲ့ ဒေသအတွင်းအဖွဲ့အစည်းတွေကတဆင့် ဒီအကူညီတွေကို ပေးသွားမှာဖြစ်ကြောင်း အီးယူ လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အကြီးအကဲ Kristina Georieva က ပြောပါတယ်။

အခုထပ်မံတိုးလိုက်တဲ့ အကူအညီကြောင့် အီးယူက ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံကို အကူညီပေးတဲ့ပမာဏဟာ အမေရိကန်ဒေါ်လာ ၆၇ သန်းနီးပါးရှိသွားပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။