မြန်မာအစိုးရအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေထဲက လက်နက်ရောင်းချမှုကလွဲလို့ ကျန်ပိတ်ဆို့မှုအားလုံးကို EU ဥရောပသမဂ္ဂက လာမယ့်သတင်းပတ်ထဲမှာ ရုပ်သိမ်းမယ်လို့ မျှော်လင့်ရပါတယ်။
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ အထင်အရှားဖြစ်ပေါ်နေတာကို အသိအမှတ်ပြုတဲ့အနေနဲ့ အခုလိုပိတ်ဆို့မှုတွေကို ရုပ်သိမ်းမှာဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက မနေ့ကရရှိခဲ့တဲ့ အထောက်အထားတွေမှာ ဖေါ်ပြထားကြောင်းသိရပါတယ်။
ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေကို ပြီးခဲ့တဲ့နှစ်ကစပြီး စောင့်ကြည့်ကာလအဖြစ် တစ်နှစ်ကြာဆိုင်းငံထားခဲ့ပြီးနောက် အခုလိုရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီလိုရုပ်သိမ်းမယ့်ကိစ္စနဲ့ ပတ်သက်လို့ EU သံအမတ်ကြီးတွေ မနေ့ကသဘောတူခဲ့ကြပြီး၊ လာမယ့်တနင်္လာနေ့မှာ ဝန်ကြီးတွေအဆင့်ကနေ အတည်ပြုဖို့ရှိတယ်လို့ဆိုပါတယ်။
အခုလိုရုပ်သိမ်းလိုက်တဲ့အတွက် မြန်မာနိုင်ငံမှာ ဥရောပကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံနိုင်တော့မှာဖြစ်ပါတယ်။ လက်ရှိပြဌာန်းထားတဲ့ ပိတ်ဆို့အရေးယူမှုတွေအရ ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံက ကုမ္ပဏီနဲ့အဖွဲ့အစည်းပေါင်း ၁ဝဝဝ နီးပါးရဲ့ ငွေကြေးနဲ့ပိုင်ဆိုင်မှုတွေကို ထုတ်သွင်းပြောင်းရွှေ့လို့မရအောင် ထိန်းချုပ်ထားခဲ့သလို၊ မြန်မာပြည်က လူပုဂ္ဂိုလ် ၅ဝဝ ခန့်ကိုလည်း ဥရောပဝင်ခွင့်ဗီဇာတွေ ပိတ်ပင်ထားပါတယ်။ ဒါ့အပြင် စစ်ဘက်ဆိုင်ရာ နည်းပညာအကူအညီပေးမှုတွေကို တားမြစ်ထားခဲ့သလို သတ္တု၊ သစ်တောနဲ့ ကျောက်မျက်ရတနာ ကဏ္ဏတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ပိတ်ပင်ထားခဲ့ပါတယ်။
EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုရုပ်သိမ်းပြီး ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံခွင့်ပြုတော့မယ်ဆိုတဲ့အတွက်၊ မြန်မာ့စီးပွါးရေးရဲ့ လက်ရှိအခြေအနေနဲ့ အနာဂတ်အလားအလာတွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုမှာနေထိုင်သူ စီးပွါးရေးသုတေသီ ဆရာဦးစိန်ဌေးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။