မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်တို့နဲ့ ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားမယ်လို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲ Catherine Ashton က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
ဥပရောပသမဂ္ဂက မြန်မာအစိုးရအပေါ် အရေးယူထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားဖို့ ဒီကနေ့ လူဇင်ဘတ်နိုင်ငံမြို့တော်လူဇင်းဘတ်မှာ ဒုတိယနေ့အဖြစ် ကျင်းပတဲ့ ဥရောပအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ထိပ်သီးအစည်းအဝေးမှာ Ms. Ashton က အခုလို ပြောလိုက်တာပါ။
စစ်လက်နက်ပစ္စည်း ရောင်းဝယ်ဖောက်ကားခြင်းမပါဝင်ဘဲ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားတာကို ဖယ်ရှားဖို့ ဆုံးဖြတ်တဲ့အတွက် ဒီကနေ့ဟာ အရေးပါတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ မြန်မာနဲ့ ပတ်သက်လို့ EUအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့နဲ့ တိုင်ပင်ပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ Ms. Ashton က ပြောပါတယ်။
EU အနေနဲ့ မြန်မာလွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေကို စောင့်ကြည့်လေ့လာသွားမှာဖြစ်သလို မြန်မာ့ဒီမိုကရေ စီ ပြုပြင်ပြောင်းလဲရေး နောက်ကြောင်းပြန်မသွားရေးအတွက်လည်း ကူညီဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ပြောပါတယ်။ သူ့အနေနဲ့ အခုသီတင်းပတ်အကုန်မှာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပြီး မြန်မာအစိုးရကို ဒီဆုံးဖြတ်ချက် အသိပေးမှာဖြစ်တယ်လို့ Ms. Ashton ပြောပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး William Hague ကလည်း ဗြိတိန်အနေနဲ့ ပိတ်ဆို့မှုဆိုင်းငံ့ဖို့ သဘောထားရှိကြောင်း၊ မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ အပြောင်းလဲတွေဖြစ်နေပြီး တိုးတက်မှုတွေ ကြီးကြီးမားမားရှိနေပေမယ့် ကချင်အရေးလို ပြဿနာတွေအပေါ် စိုးရိမ်ကြောင်း ပြောပါတယ်။
ဥရောပသမဂ္ဂ နိုင်ငံတွေအနေနဲ့ စစ်လက်နက်ရောင်းဝယ်မှုကလွဲလို့ မြန်မာအပေါ် ပိတ်ဆို့အရေးယူထားသမျှကို လုံးဝရုတ်သိမ်းဖို့ မနေ့ကသဘောတူခဲ့ပြီးဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ ဒေါ်စမ်းစမ်းတင်ရဲ့ သတင်းစုစည်းတင်ပြချက်ကိုလည်း နားဆင်နိုင်ပါတယ်.။
မြန်မာနိုင်ငံရေးပါတီတချို့က ခေါင်းဆောင်တွေရဲ့အမြင်ကို ကိုကျော်သူ စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။
အလားတူ မြန်မာ့ကုန်ပစ္စည်းတွေ ဥရောပဈေးကွက်ကို ဝင်ရောက်နိုင်မယ့် အလားအလာအကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း UMFCCI က ဦးဝင်းအောင်ကို ကိုဝင်းနိုင် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။
