ရွေးကောက်ပွဲ စောင့်ကြည့်လေ့ လာသူ ၆၀ ကျော် နိုင်ငံတဝှမ်းကို အီးယူစေလွှတ်

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို စောင့်ကြ့ည်လေ့လာဖို့အတွက် အီးယူ ဥရောပ သမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ EU EOM က ကာလတို လေ့လာသူ ၆၂ ဦးကို မြန်မာနိုင်ငံနေရာ အနှံ့အပြားကို ဒီနေ့ စေလွှတ်လိုက်ပါတယ်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ဝင်ရောက်စွက်ဖက်ခြင်းမပြုပဲ လေ့လာမှတ်တမ်းပြုလုပ်ဖို့ ဥရောပ သမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဥရောပ ပါလီမန်ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဂျာမနီနိုင်ငံက လေ့လာရေးမှူးချုပ် Alexander Graf Lambsdorff က သူတို့အဖွဲ့သားတွေကို အခုလို ပြောကြားခဲ့ပါတယ်။

"ဒီရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာပါ၊ မှတ်တမ်းလုပ်ပြီး အစီရင်ခံစာတင်ပြပါ။ ဒါပေမဲ့ အရေးကြီးတာ တစ်ခုက ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်ခြင်း လုံး၀ မပြုလုပ်ပါနဲ့”

အဲဒီ လေ့လာသူတွေ စေလွှတ်တဲ့ အစီအစဉ်ကို ရန်ကုန်မြို့ အင်းလျားကန်ဟိုတယ်မှာ ဒီနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ကာလတို လေ့လာသူတွေဟာ ကျေးလက်နဲ့ မြို့ပြဒေသတွေကို လွှမ်းခြုံမိအောင် ဆောင်ရွက်သွားမှာဖြစ်ပြီး မဲရုံစဖွင့်တဲ့ အချိန်ကနေ မဲရုံပိတ်တဲ့အချိန်အထိ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ အကြောင်းအရာမျိုးစုံကို စောင့်ကြည့် သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ဘယ်ပါတီအနိုင်ရသည့်ဖြစ်စေ ဘက်လိုက်မှာမဟုတ်ပဲ သမာသမတ်ကျကျနဲ့ စောင်ကြည့်လေ့လာ သွားမှာ ဖြစ်ပြီး ရွေးကောက်ပွဲပြီး နှစ်ရက်ကြာမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်တွေကို ကနဦးအစီရင်ခံစာ ထုတ်ပြန်သွားမှာဖြစ်ပါတယ်။

ဒီကာလတို လေ့လာရေးအဖွဲ့ဟာ ပြီးတဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ကတည်းက မြန်မာနိုင်ငံကို ရောက် ရှိနေတဲ့ ကာလရှည်လေ့လာသူ ၃၀ ဦးနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပြီး ရွေးကောက်ပွဲနေ့မှာ စစ်တပ် ပရိဝုဏ်အတွင်း ပြုလုပ်မယ့် မဲရုံတွေကိုပါ စောင့်ကြည့်သွားမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲနေ့မှာတော့ နော်ဝေ၊ ဆွစ်ဇာလန်၊ ကနေဒါ စတဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံက လေ့လာသူပေါင်း ၁၅၀ ဦးနဲ့ လေ့လာစောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။