မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးအတွက် အရေးကြီးတဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက် ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ စေလွှတ်ကူညီဖို့ ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ EU က မြန်မာအစိုးရကို ဒီကနေ့ တရားဝင်ကမ်းလှမ်းလိုက်ပါတယ်။
ဥရောပသမဂ္ဂနဲ့ မြန်မာလုပ်ငန်းအဖွဲ့ EU-Myanmar Task Force ကို ဦးဆောင်ပြီး မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Catherine Ashton အခုလို ပြောကြား တာဖြစ်ပြီး မြန်မာအစိုးရအနေနဲ့ စိတ်ဝင်စားခဲ့ရင် ဒီအကူအညီကိုပေးလိုကြောင်း မြန်မာအစိုးရကို တရားဝင်ကမ်းလှမ်းထားတယ်လို့ ပြောပါတယ်။
EU အနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေမှာ အကူအညီတွေပေးနေသလို၊ ကျေးလက်ဒေသဖွံ့ဖြိူးရေး၊ ပညာရေးနဲ့ အုပ်ချုပ်ရေးတို့မှာ ကူညီပေးဖို့ဆန္ဒရှိကြောင်း၊ EU ရဲ့ မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးအကူအညီဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကျော်အထိ ရှိလာနိုင်ကြောင်း ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ ဖွံ့ဖြိုးမှုဆိုင်ရာအကြီးအကဲ Andris Piebalgs က ပြောပါတယ်။
EU ဟာ မြန်မာနိုင်ငံဖွံ့ဖြိုးရေး အဓိက အလှူရှင်နိုင်ငံများအဖွဲ့ဖြစ်တာနဲ့အညီ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေမှာ ရှေ့ဆက်ပြီး ပါဝင်ကူညီသွားမှာဖြစ်တယ်လို့လည်း Mr. Piebalgs က ပြောပါတယ်။
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို မနှစ်ကဖယ်ရှားခဲ့တဲ့ EU နိုင်ငံများအဖွဲ့ဟာ မြန်မာနိုင်ငံကို ဖွံ့ဖြိူးရေးအကူအညီတွေ တိုးမြင့်ပေးအပ်နေပြီး အထူးကုန်သွယ်ခွင့်ရ နိုင်ငံတစ်နိုင်ငံအဖြစ်လည်း သတ်မှတ်ပေးထားပါတယ်။
