ပိတ်ဆို့မှုတွေအားလုံး ပြန်ရုပ်တာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို အပြုသဘော အကျိုးဖြစ်မယ့်အပြင်၊ အထူးသဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းကျိုး ဖြစ်ထွန်းမှာဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မြန်မာပြည် ကြားဖြတ်ရွေးကောက်ပွဲကို သွားရောက် လေ့လာကြည့်ရှုခဲ့တဲ့ ကမ္ဘောဒီးယား ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့ကလည်း ရွေးကောက်ပွဲဟာ လွတ်လပ်မျှတကြောင်း ကြေညာခဲ့ပြီး စီးပွားရေး ပိတ်ဆို့မှုတွေ ပြန်ရုပ်ဖို့ တိုက်တွန်း လိုက်ပါတယ်။
အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ် ကလည်း မြန်မာ့ရွေးကောက်ပွဲဟာ မြန်မာကို နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပြန်လည်ပေါင်းစည်းမိအောင် အကျိုးဆောင်တဲ့ ရွေးကောက်ပွဲ ဖြစ်သင့်တယ်လို့ တနင်္လာနေ့က ပြောခဲ့ပါတယ်။
ဒီအတွင်း ဥရောပသမဂ္ဂ အီးယူကလည်း မြန်မာအပေါ် ပိတ်ဆို့မှုတွေ ပြန်ရုပ်ဖို့ ဟန်ပြင်နေပြီဆိုပေမဲ့ ဘယ်လောက်မြန်မြန် ပြန်ရုပ်မလဲဆိုတဲ့အပါ် အဖွဲ့ဝင်နိုင်ငံတွေ သဘောထား ကွဲပြားနေကြပါတယ်။
နိုင်ငံတချို့က အမြန်ပြန်ရုပ်ချင်ကြသလို တချို့နိုင်ငံတွေက တစ်ဆင့်ချင်း ဖြည်းဖြည်းနဲ့မှန်မှန်သာ ပြန်ရုပ်လိုတဲ့ဆန္ဒ ရှိနေကြပါတယ်။ ဗြိတိန်၊ ဆွီဒင်၊ နော်ဝေ၊ ဖင်လန် စတဲ့နိုင်ငံတွေက ပိတ်ဆို့မှုကို တစ်ဆင့်ချင်း ဆုတ်သွားချင်ကြပြီး၊ လက်နက်အရောင်းအဝယ် ပိတ်ဆို့မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူ လူပုဂ္ဂိုလ်တွေအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဆက်လက်ထားရှိချင်ကြပါတယ်။
