ခရီးသွားလာခွင့် ပိတ်ပင်ထားမှု အီးယူ ရုပ်သိမ်း

ဥရောပသမဂ္ဂ အီးယူက မြန်မာအစိုးရ ခေါင်းဆောင်တွေအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေထဲက ခရီးသွားလာခွင့် ပိတ်ပင်ထားမှုကို ဒီကနေ့ တရားဝင် ရုပ်သိမ်းလိုက်ပါတယ်။

ဥရောပသမဂ္ဂက ခရီးသွားလာခွင့်ပြုလိုက်တဲ့ ၈၇ ဦး စာရင်းထဲမှာ သမ္မတဦးသိန်းစိန်နဲ့အတူ ဒုတိယသမ္မတတွေ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတွေ ပါဝင်ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေကိုလည်း ခရီးသွားလာခွင့်ပြုလိုက်ပါတယ်။ အဲဒီလို ခရီးသွားလာခွင့် ပိတ်ပင်ထားတာကို ပြန်လည် ရုပ်သိမ်းလိုက်ပေမယ့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ပင်မှုကိုတော့ အီးယူက ဆက်လက် ထားရှိဆဲလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ သမိုင်းဝင် အပြောင်းအလဲတွေကို မြင်တွေ့နေရပြီး ဆက်လက်ပြီးတော့လည်း ဒီထက်မက ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့ မိမိအနေနဲ့ တိုက်တွန်း လိုက်ပါတယ်လို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဌာန အကြီးအကဲ မစ္စက် Catherine Ashton က ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ပြောင်းလဲမှုတွေဟာ ရှေ့ဆက် တိုးတက်လာမယ်ဆိုရင် နောက်ထပ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ ရှိကြောင်းလည်း ပြောပါတယ်။