စစ်ပစ္စည်းကလွဲပြီး EU ရဲ့ ပိတ်ဆို့မှုတွေ အပြီးတိုင်ရုပ်သိမ်း


2013.04.23
teak_log_export_305_z.png နိုင်ငံခြားသို့ တင်ပို့မည့် ကျွန်းသစ်လုံးများကို ရန်ကုန် ဆိပ်ကမ်းတွင် တွေ့ရပုံ ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ သစ်မျိုးစုံကို ပြည်ပသို့ တရားဝင် နည်းလမ်းအပြင် မှောင်ခိုလမ်းကြောင်းများမှလည်း ပို့ဆောင်နေသည်။
Photo: RFA

မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂ EU က ပိတ်ဆို့အရေးယူထားတာတွေကို ယာယီ တစ်နှစ်ဆိုင်းငံထားရာကနေ မနေ့ကတော့ အားလုံးအပြီးတိုင် ရုပ်သိမ်းလိုက်ပြီဖြစ်ပါတယ်။

လူဇင်းဘတ်နိုင်ငံမှာ မနေ့ကကျင်းပခဲ့တဲ့ EU နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးပွဲမှာ ပိတ်ဆို့မှုတွေကို အပြီးတိုင်ဖယ်ရှားဖို့ သဘောတူညီခဲ့ကြပေမယ့်  လက်နက်အရောင်းအဝယ်ကိုတော့ ဆက်လက်ပိတ်ဆို့ထားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေအပေါ် အားပေးတဲ့အနေနဲ့ EU က အခုလိုတုံ့ပြန်ရာမှာ၊ မြန်မာ့ပြုပြင်ပြောင်းလဲရေးတွေဟာ ဆက်လက်ဖြစ်ပေါ်နေမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့အတူ ပိတ်ဆို့အရေးယူထားတာတွေကို လုံးဝဖယ်ရှားပေးလိုက်တာဖြစ်ကြောင်း၊ ဒါဟာ EU နဲ့ မြန်မာဆက်ဆံရေးမှာ ကဏ္ဍသစ်ဖွင့်လိုက်တာဖြစ်သလို၊ အရှည်တည်တံ့သွားမယ့် ဆက်ဆံရေးထူထောင်လိုက်တာလည်းဖြစ်ကြောင်း EU က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါပေမဲ့ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေးအဖွဲ့ကတော့ မြန်မာအစိုးရဟာ မကြာခင်ကပေါ်ပေါက်ခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး၊ ပဋိပက္ခတွေအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေမှာ အဓိကတာဝန်ရှိကြောင်း၊ အခုလို EU က ပိတ်ဆို့မှုတွေ လုံးဝဖယ်ရှားပေးလိုက်တာဟာ အချိန်စောလွန်းနေသေးတဲ့အပြင်၊ မြန်မာအစိုးရ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက်ဆောင်ရွက်သွားဖို့အတွက် ရှိထားသင့်တဲ့ဖိအားတွေလည်း လျှော့ကျသွားမှာဖြစ်ကြောင်း ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

HRW ရဲ့ကြေညာချက်နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ ဗစ်တိုးရီးယားနုလဲန်းက HRW ရဲ့ ကြေညာချက်ကို မိမိတို့သတိပြုမိကြောင်း၊ မြန်မာအစိုးရကိုလည်း ဒီဖြစ်စဉ်မှာ တရားဥပဒေအတိုင်းဆောင်ရွက်ဖို့၊ အကြမ်းဖက်လုပ်ရပ်တွေရဲ့ ဇစ်မြစ်တွေကို ရှာဖွေဖို့၊ အကြမ်းဖက်တာတွေထပ်မဖြစ်ရအောင် အစီအစဉ်တွေ ချမှတ်ဆောင်ရွက်ဖို့ ဆက်လက်တိုက်တွန်းနေကြောင်း၊ မြန်မာအစိုးရရဲ့ စုံစမ်းရေးကော်မရှင် အစီရင်ခံစာလည်း မကြာခင်ထွက်ပေါ်လာတော့မှာဖြစ်ကြောင်း၊ အခုအချိန်မှာ HRW ရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လေ့လာစုံစမ်းရဦးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။