မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို လူစုလူဝေး စီမံခန့်ခွဲရေးသင်တန်း အီးယူပို့ချ


2014.02.20
police-305.jpg ဥရောပသမဂ္ဂက လေ့ကျင့်ပေးခဲ့တဲ့ လူစုလူဝေး စီမံခန့်ခွဲရေးသင်တန်းကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ရဲတပ်သားများကို ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က တွေ့ရစဉ်
photo: RFA/ Myo Zaw Ko

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့် အရေး လေးစားလိုက်နာမှု အားကောင်းလာဖို့နဲ့ နိုင်ငံသားတိုင်းရဲ့ ဒီမိုကရေစီ အခွင့်အရေးကို အသိအမှတ်ပြုနိုင်ဖို့ ရည်ရွယ်ပြီး  ဥရောပသမဂ္ဂအဖွဲ့ က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေကို “လူစုလူဝေး စီမံခန့်ခွဲမှုသင်တန်း” ပေးခဲ့ကြောင်း မြန်မာ နိုင်ငံအခြေစိုက် ဥရောပသမဂ္ဂရုံးခွဲက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ရဲတပ်ရင်း (၈)မှာကျင်းပခဲ့တဲ့ “လူစုလူဝေး စနစ်တကျထိန်းသိမ်းမှု သင်တန်း” သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr. Roland Kobia က အီးယူရဲ့ သင်တန်း ရည်ရွယ်ချက်ကို အခုလို ရှင်းပြခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် မိမိတို့ အကူအညီပေးနေတာ အပိုင်း ၃ ခု ရှိပါတယ်။ မီဒီယာတွေကို ဒီနေ့ ဖိတ်ခေါ်ပြီးပြသတာက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့  လူစုလူဝေးကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာကို သင်ကြားပေးတဲ့ သင်တန်းဖြစ်ပါတယ်။ အီးယူအဖွဲ့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို သင်ကြားပေးနေတဲ့အထဲမှာ  တရားဥပဒေ စိုးမိုးရေးအတွက် လူနေရပ်ကွက်တွေမှာ ရဲတပ်ဖွဲ့ကဘယ်လို တာဝန်ယူမလဲဆိုတာအပြင် ရဲတပ်ဖွဲ့နဲ့သက်ဆိုင်တဲ့ ဥပဒေရေးရာ ပြုပြင်ပြောင်းလဲ မှုတွေလည်း ပါဝင်ပါတယ်" လို့  အီးယူအဖွဲ့ သံအမတ်ကြီး Mr. Roland Kobia က ပြောသွားတာပါ။

ဒီအစီအစဉ်ဖြစ်ဖို့အတွက် အစိုးရရဲ့တိုက်တွန်းချက်နဲ့အတူ လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်တွေကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ပြည်နယ်နဲ့တိုင်း ၁၄ ခုက ရဲတပ်ဖွဲ့ဝင်တွေကိုလည်း အလားတူသင်တန်းတွေ ပေးသွားနိုင်ဖို့ ဥရောပသမဂ္ဂအဖွဲ့ကို တောင်းဆိုထားတယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲမှူးချုပ် သူရဦးဘိုနီက ပြောပါတယ်။

ဥရောပသမဂ္ဂက ၃ လကျော်ကြာ သင်ကြားပေးနေတဲ့ လူစုလူဝေး စီမံခန့်ခွဲမှုသင်တန်းကို ရဲအရာရှိ ၁၄၀၀ ကျော် တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂအနေနဲ့ အခုလိုသင်တန်းတွေကို နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာ ဆက်လက်ပို့ချပေးသွားမှာဖြစ်ပြီး စီမံချက်ပြီးဆုံးမယ့် ၂၀၁၅ ခုနှစ် မတ်လအထိ ယူရိုငွေ ၁၀ သန်း သုံးစွဲသွားမှာဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုမျိုးဇော်ကို သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။