နိုင်/ကျဉ်းဟောင်းများ လူမှုကွန်ရက် (အထက်ဗမာပြည်) ယာယီကော်မတီ ဖွဲ့စည်းရေး အစည်းအဝေးကျင်းပမည်

မဟာအောင်မြေမြို့နယ် ၄၁ လမ်းနဲ့ ၅၅ လမ်းမှာရှိတဲ့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ မနက်ဖြန်ကျင်းပမယ့် နိုင်ငံရေး အကျဉ်းသားဟောင်းများ လူမှုကွန်ရက် (အထက်ဗမာပြည်) ယာယီကော်မတီ ဖွဲ့စည်းရေး အစည်းအေဝေးကို ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ကာလကနေ ရွှေဝါရောင်တော်လှန်ရေး ကာလတိုင် ပါဝင်ခဲ့လ့ို အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း အထင်ကရ ဆရာတော်ကြီးတွေပါ တက်ရောက်ကြမယ်လို့ သိရပါတယ်။

2012.09.28

ဒီလိုကွန်ရက်ဖွဲ့စည်းရတာနဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်ပြီး ကွန်ယက်ပေါ်ပေါက်ရေး ဦးဆောင်သူဖြစ်တဲ့ ကိုမောင်မောင်လွင်က RFA ကို ခုလိုပြောပါတယ်။

"နိုင်ငံရေးအကျဉ်းသားဟောင်းများ လူမှုကွန်ရက် လုပ်ငန်းစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ နံပတ်တစ် နိုင်ငံရေးအကျဉ်းသားများနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများရဲ့ မိသားစု ကျန်းမာရေး၊ ပညာရေးကို အားဖြည့်ကူညီဖို့ရယ်၊ နံပတ်နှစ် လူထုအကျိုးပြုလုပ်ငန်းတွေကို တတ်စွမ်းသလောက် ဖော်ဆောင်ဖို့ရယ်၊ နံပတ်သုံး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အလေးအနက်ပြု ဖော်ဆောင်ဖို့ ဆိုတာပဲဖြစ်ပါတယ်။ မနက်ဖြန်ကျင်းပမယ့် ဒီအထက်ဗမာပြည် လူမှုကွန်ရက် လုပ်ငန်းစဉ် ယာယီကော်မတီဖွဲ့စည်းရေး အခမ်းအနားကို အထက်ဗမာပြည်မှာ ရှိကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် လာရောက်တက်စေချင်ပါတယ်။ အကယ်၍ အဲဒီအခမ်းအနားကို မတက်နိုင်ခဲ့ဘူး ဆိုရင်လည်း နောက်နောင်မှာ ကျွန်တော်တို့ လူမှုကွန်ရက်နဲ့ ဆက်သွယ်ပြီးတော့မှ၊ ပူးပေါင်းပြီးတော့မှ လုပ်ဆောင်ဖို့ရန်အတွက် ဖိတ်မန္တက ပြုအပ်ပါတယ်"

နိုင်ငံရေး အကျဉ်းသားဟောင်းများ လူမှုကွန်ရက် (အထက်ဗမာပြည်) ရဲ့ ယာယီကော်မတီကို အလုပ်အမှုဆောင်အဖွဲ့ဝင် ၁၅ ဦး၊ ကော်မတီ ၅ ရပ်နဲ့ ဖွဲ့စည်းသွားဖို့ လျာထားတယ်လို့ သိရပါတယ်။ လောလောဆယ် ပြုစုထားတဲ့စာရင်းအရ အထက်မြန်မာနိုင်တစ်ဝန်းမှာ နိုင်ငံရေး အကျဉ်းသားဟောင်း ၇၇၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

မနက်ဖြန် နေ့လည် တစ်နာရီမှာကျင်းပမယ့် အခမ်းအနားကို ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ဂဠုန်နီစစ်ကြောင်းခေါင်းဆောင် ဆရာတော်ဦးကာဝိယ၊ ဘုရားကြီးစစ်ကြောင်းခေါင်းဆောင် ဆရာတော် ဦးခေမာစာရ၊ သပိတ်တပ်ပေါင်းစု အတွင်းရေးမှူး ဆရာတော် ဦးဝိသုတ၊ ၁၉၉၀ ပတ္တနိက္ကုစ္စနကံကာလ လေးပြင်လေးရပ် သံဃသမဂ္ဂီ အတွင်းရေးမှူး ဆရာတော် ဦးဝေပုလ္လနဲ့ အဖွဲ့ဝင် ဦးကုသလ၊ ဦးကောသလ္လ ၊ မစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးဝီရသူ၊ ၂၀၀ရ ရွှေဝါရောင်တော်လှန်ရေး ခေါင်းဆောင် ဦးဂမ္ဘီရ (ခ) ကိုညီညီလွင်၊ အထက်ဗမာပြည် သပိတ်တပ်ပေါင်းစု တာဝန်ခံ ဦးကေလာသတို့ တက်ရောက်ကြမယ့်အပြင် မစိုးရိမ်တိုက်သစ် ပဓာနနာယက ဆရာတော် ဦးရာဇဓမ္မဘိဝံသကိုလည်း ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။