လွှတ်တော်က စာနယ်ဇင်း ဥပဒေတွေကိစ္စ ချင်းမိုင်မှာ ဆွေးနွေး


2013.08.17
bni-annual-meeting-305.jpg ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ သြဂုတ်လ ၁၇ ရက်နေ့က ကျင်းပတဲ့ နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့ (BNI) ရဲ့ အကြိမ် (၂ဝ) မြောက်အစည်းဝေးမှာ တက်ရောက်လာသူများ ကိုတွေ့ရစဉ်
photo: RFA/ Aung Moe Myint

တိုင်းရင်းသား သတင်းမီဒီယာအဖွဲ့ ၁၁ ဖွဲ့ ပါဝင်ဖွဲ့ စည်းထားတဲ့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံတကာ မြန်မာ့ သတင်း Burma News International (BNI) အဖွဲ့ဝင် အယ်ဒီတာတွေဟာ သတင်းမီဒီယာဥပဒေ၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ၊ အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ မှာ ဒီကနေ့ အလေးထားဆွေးနွေးခဲ့ကြပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့ကစလို့ ကျင်းပနေတဲ့ BNI နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့ရဲ့ (၂ဝ) ကြိမ်မြောက် အစည်းအဝေးမှာ မကြာခင် နေပြည်တော်လွှတ်တော်ကနေ အတည်ပြုတော့မယ့် မီဒီယာဥပဒေမူကြမ်းတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းမီဒီယအဖွဲ့တွေအနေနဲ့  မကိုက်ညီတဲ့အချက်တွေ၊ ပယ်ဖျက်သင့်တဲ့အချက်တွေ၊ ထပ်မံဖြည့်စွက်သင့်တဲ့အချက်တွေကို အသေးစိတ် ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ BNIအဖွဲ့၊ ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ နန်းဖောဂေက ပြောပါတယ်။

“သူ့ရဲ့ ဥပဒေမူကြမ်းထဲမှာဆိုလို့ရှိရင် ပြည်တောင်စုလို့ပဲ သုံးထားတဲ့ အနေအထားမျိုးပေါ့၊ ကျမတို့ကြလို့ရှိရင်တော့ ပြည်နယ်အစိုးရတွေလည်း အများကြီးရှိတယ်လေ၊ သူ့ရဲ့ပြည်နယ်အလိုက်မှာ အဲဒါနဲ့ အကျုံးဝင်မယ့်ကိစ္စမျိုးတွေ၊ နောက်တစ်ခုက တားမြစ်ချက်ဆိုတဲ့ နေရာမှာပေါ့နော် လောင်းကစားတွေ၊ အရက်တွေ၊ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်တာတွေမျိုး ရေးသားထုတ်လုပ်မှုမျိုး မရှိရဘူးဆိုတဲ့ ကိစ္စမျိုးလေးတွေမှာဆိုလို့ရှိရင် လုံးဝမရေးရတော့ဘူးလားပေါ့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတဲ့ အသုံးအနှုန်းလေးတွေပါတဲ့ ပုဒ်မတွေမှာဆိုလို့ရှိရင်လည်း ဒီလက်ရှိတည်ဆဲ ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေအရ မီဒီယာ LAW ကြီးနဲ့ သွားအကံျုးဝင်နေလားပေါ့၊ အဲဒါမျိုးလေးတွေ မပါသင့်ဘူး၊ နောက်တစ်ခုကတော့ မကြာသေးခင်က ပြည်သူ့လွတ်တော်ကနေ အတည်ပြုလိုက်တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်းဆိုလို့ရှိရင် အဲ့ဟာက ရှေ့ဆက်ပြီးတော့ အတည်ဆက်မပြုသွားဖို့အတွက်ကို အဲဒါကိုလည်း ရုတ်သိမ်းသင့်တယ် ဆိုတဲ့ဟာမျိုး ထောက်ပြဆွေးနွေးခဲ့ပါတယ်"

ပြန်ကြားရေးဝန်ကြီးဌာနက လွတ်တော်ကို တင်သွင်းမယ့် အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အသွင်ပြောင်းထားတဲ့ ဥပဒေသာဖြစ်ပြီး ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေဟာလည်း ၁၉၆၂ ခုနှစ် ဥပဒေနဲ့ အရေးယူခဲ့တဲ့အချက်တွေ ဖြစ်နေတဲ့အတွက် လွတ်လပ်တဲ့ မီဒီယာဥပဒေ ဖြစ်မလာနိုင်ဘူးလို့ MJN မြန်မာဂျာနယ်လစ်ကွန်ရက် အဖွဲ့ဝင်လည်းဖြစ်၊ မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ) က အဖွဲ့ဝင်လည်းဖြစ်တဲ့ မတင်ဇာဇော်က ပြောပါတယ်။

“ဒီမှာက မှတ်ပုံတင်အရာရှိကို လိုင်စင်တင်ဖို့ကိစ္စကို ခွင့်ပြုပေးထားတာရှိတယ်ပေါ့၊ ကျမတို့ ၁၉၆၂ ဥပဒေကိုပဲ ပြန်ကောက်ပြီးတော့ ပြောရမယ်ဆိုလို့ရှိရင် ဒီဟာလိုပဲ မှတ်ပုံတင်အရာရှိက ထပ်မံ ထပ်မံပြီးတော့ အမိန့်တွေ ညွန်ကြားချက်တွေ ထပ်ထပ်ထုတ်ပြီးတော့ ကျမတို့ စာပေစာနယ်ဇင်းရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ်ခဲ့တာ၊ ဒါကြောင့် ကျမတို့က  ဒီမှတ်ပုံတင်အရာရှိကို လိုင်စင်ထုတ်ဝေခွင့်ကို ပေးထားမယ် အသိအမှတ်ပြုခွင့်ကို ပေးထားမယ်ဆိုလို့ရှိရင် သူကနေပြီးတော့ ဒီဟာကိုပဲ ကျမတို့ သတင်းလွတ်လပ်ခွင့်နဲ့ ဆက်စပ်ပြီးတော့ ချုပ်ချယ်ကန့်သတ်တဲ့အမိန့်တွေ ထပ်မံညွှန်ကြားပြီးတော့ ထပ်ထုတ်လာနိုင်တယ် ဆိုတဲ့ဟာမျိုးကို ကျမမြင်တယ်၊ ဒါကြောင့် ဒီအချက်တွေပါတယ်ဆိုလို့ရှိရင် ဒီဥပဒေက ကျမတို့ သတင်းသမားများအတွက် လွတ်လပ်တဲ့ မီဒီယာဥပဒေတစ်ခုဖြစ်လာမယ်လို့ ကျမမယူဆဘူးရှင့်”

ငါးရက်ကြာကျင်းပမယ့် ဒီအစည်းအဝေးမှာ သတင်းအရည်အသွေး မြှင့်တင်ရေးကိစ္စတွေအပါအဝင် BNI အဖွဲ့ရဲ့ ဖွဲ့စည်းပုံပြောင်းလဲဖို့ကိစ္စတွေ ဆွေးနွေးဖို့ရှိသလို မြန်မာနိုင်ငံတွင်း အခြေစိုက်ရပ်တည်နိုင်ရေး ကိစ္စတွေကိုလည်း ဆက်လက်ဆွေးနွေးသွားဖို့ရှိပြီး ဒီနေ့ဆွေးနွေးရရှိချက်တွေကို ပြည်တွင်းစာနယ်ဇင်းအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ကန့်ကွက်တောင်းဆိုသွားမယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့ရဲ့ အစည်းအဝေးကို တိုင်းရင်းသားသတင်းဌာနက အယ်ဒီတာတွေနဲ့ BNI အဖွဲ့ဝင်အဖြစ်လျှောက်ထားတဲ့ ပြည်တွင်းအခြေစိုက် သံလွင်တိုင်းမ်ဂျာနယ်၊ Chin World ဂျာနယ်က အယ်ဒီတာတွေပါဝင်တဲ့ ကိုယ်စားလှယ် ၃ဝ ကျော် တက်ရောက်နေပြီး သြဂုတ်လ ၁၉  ရက်နေ့အထိ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။