စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မျှော်လင့်ကြောင်း ပြည်ပရောက် ကရင် အဖွဲ့အစည်းများ ပြောဆို

သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တို့ လက်ရှိ တွေ့ဆုံ ဆွေးနွေးပွဲတွေကနေ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြည်ပရောက် ဥရောပ ကရင်ကွန်ယက်အဖွဲ့က မနေ့က ပြောဆိုလိုက်ပါတယ်။

နှစ်ပေါင်း ၆၀ ကျော်ကြာ တိုက်ပွဲတွေဖြစ်နေတဲ့ ကရင်ပြည်နယ်မှာ ပြည်သူတွေရဲ့ ဘဝလုံခြုံရေးကို အာမခံနိုင်မယ့် အခြေအနေမျိုး ဖြစ်ပေါ်လာဖို့ အမှန်တကယ် လိုအပ်နေတယ်လို့ ဥရောပ ကရင်ကွန်ယက်အဖွဲ့ ဥက္ကဋ္ဌ ဇိုရာဖန်းက အာအက်ဖ်အေကို ပြောပါတယ်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းနဲ့ ကေအဲန်ယူကိုယ်စားလှယ် ခေါင်းဆောင် နော်စီဖိုးရာစိန်တို့ နှစ်ဘက် သဘောတူညီချက်တွေမှာ အပစ်အခတ်ရပ်စဲရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့၊ ယုံကြည်မှု တည်ဆောက်နိုင်ရေးနဲ့ ကရင်ပြည်သူတွေရဲ့ ဘဝလုံခြုံရေး အာမခံနိုင်ဖို့ စတာတွေ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အကုန်မှာ ကျင်းပခဲ့တဲ့ ကရင်ညီလာခံမှာ ပြည်ပရောက် ကရင်တိုင်းရင်းသားတွေ အနေနဲ့ ကေအဲန်ယူဟာ ကရင်ပြည်သူတွေအားလုံးကို ကိုယ်စားပြုပြီး ရှေ့တန်းက မားမားမတ်မတ် ရပ်တည်နေတဲ့ မိခင်အဖွဲ့အစည်းအဖြစ် သဘောတူ ထောက်ခံထားကြပါတယ်။