ပြည်သူ့ လွှတ်တော် ပြည်ပမှာ ဖွဲ့စည်း
2010.11.06
ဆွေးနွေးပွဲတွေကို အခုလ ၂ ရက်နေ့ကနေ ၅ ရက်နေ့ အထိ ကရင်နီပြည် ဝေ့ဖိုးဒူ ခမ်းမမှာ ပြုလုပ်ခဲ့တာပါ။ ဒီဆွေးနွေးပွဲမှာ ၁၉၉၀ ပြည့်နှစ် အရွေးချယ်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့သလို မတက်ရောက်နိုင်တဲ့ ကိုယ်စားလှယ် ၂၂ ဦးက ပြည်သူ့လွှတ်တော ်ဖွဲ့စည်းရေး သဘောတူကြောင်း ဆန္ဒမဲ ပေးခဲ့ကြတယ်လို့သိရပါတယ်။
အဲ့ဒီ ကိုယ်စားလှယ်တွေထဲမှာ ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက် ညွန့်ပေါင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းနဲ့ ဝန်ကြီးတွေ အပါအဝင် MPU အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် အစည်းအဝေးကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ကြတဲ့ KNPP ကရင်နီ တိုးတက်ရေးပါတီ၊ KNU ကရင်အမျိုးသား အစည်းအရုံး၊ NMSP မွန်ပြည်သစ်ပါတီ တို့က အဆင့်ဆင့် ရွေးချယ် တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပြီး ဆုံးဖြတ်ချက် ချခဲ့တာပါ။ လွှတ်တော် ဒုတိယဥက္ကဌ အဖြစ် အရွေးချယ်ခံရတဲ့ ဦးသိန်းဦးက ဒီကနေ့မနက် သတင်းစာရှင်းလင်းပွဲမှာ ခုလို ပြောပါတယ်။
“ရွေးကောက်ပွဲကို လက်မခံဘူး၊ ရွေးကောက်ပွဲ ရလာဒ်ကိုလည်း အသိအမှတ်မပြုဘူး။ အဲဒီလိုပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တချို့ကလည်းပဲ ဒီသဘောထားအတိုင်း နအဖ ကို တုန့်ပြန်မယ်။ ပြည်တွင်းမှာ ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီတွေကလည်း ဒီသဘောထားအတိုင်းပဲ ရွေးကောက်ပွဲကို လက်မခံဘူးလို့ ပြောတဲ့အတွက်ကြောင့် ဒီအုပ်စုတွေဟာ နအဖ လုပ်တဲ့ လုပ်ရပ်အပေါ်မှာ လက်မခံဘူးဆိုတာ အထင်အရှား ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရင် နအဖ က စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ လုပ်တယ်။ ကျနော်တို့က အဲဒါကို မကြိုက်ဘူး၊ ဒီမိုကရေစီ ရရှိအောင်လုပ်တယ်။ အခု ကျနော်တို့ ဖွဲ့လိုက်တဲ့ ပါလီမန်က ပထမအဆင့် အောင်မြင်မှု ဖြစ်ပါတယ်”
ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့ လွှတ်တော်မှာ ဥက္ကဋ္ဌအဖြစ် ဦးရီမန်ထူး၊ ဒုတိယဥက္ကဌ ဦးသိန်းဦး၊ အဖွဲ့ဝင်များအဖြစ် နိုင်ဟံသာနဲ့ ဖဒိုမန်းငြိမ်းမောင်တို့ ပါဝင်ပါတယ်။ မနေ့က ပြည်သူ့လွှတ်တော် ဖွဲ့စည်းလိုက်ပြီးနောက် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဥပဒေ (၄) ခုကို ပထမဆုံး ပြဋ္ဌာန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။