အခြေခံပညာကို အထက်တန်းအဆင့်အထိ လူတိုင်းမသင်မနေရ သတ်မှတ်ပြဌာန်းချက်ကို လက်ရှိပြည်သူ့လွှတ်တော် ရေးရာကော်မတီကရေးဆွဲနေတဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်းမှာ ထည့်သွင်းပေးဖို့ ပညာရှင်တွေက ဒီနေ့ ပြည်သူ့လွှတ်တော် ဇဗ္ဗူသီရိအဆောင်မှာ ဆွေးနွေးခဲ့ကြပါတယ်။ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီက ဒီနေ့ပညာရှင်တချို့ကို ဖိတ်ခေါ်ဆွေးနွေးခဲ့ကြတာပါ။
အဲဒီဆွေးနွေးပွဲကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
ဒီနေ့ တက်ရောက်ဆွေးနွေးခဲ့တဲ့ NLD ပညာရေးမြှင့်တင်ရေးကွန်ရက်က ဒေါက်တာသိန်းလွင်က RFA ကို ခုလိုပြောပါတယ်။
“ပညာရဲ့ အယူအဆနဲ့ ပတ်သက်လို့ ကွဲလွဲနေတဲ့အချက်တွေ အဲဒါတွေ ကျနော်တို့တင်ပြပါတယ်၊ နောက်တခါ မူကြမ်းရေးထားတာက အခြေခံဥပဒေမှာပါတဲ့ အပိုဒ်တွေကို အခြေခံထားတဲ့အတွက် ကျနော်တို့က အခြေခံဥပဒေမှာပါ ပြင်ရမယ့်အကြောင်းတွေ ထည့်ပြောပါတယ်၊ ဥပမာအနေနဲ့ဆို မသင်မနေရ ပညာရေးနဲ့ ပတ်သက်လို့ အခြေခံဥပဒေမှာ မူလတန်းရေးတယ်၊ မူဝါဒမူကြမ်းမှာလည်း မူလတန်းပဲရေးတယ်”
ဆွေးနွေးပွဲမှာ သူရဦးရွှေမန်းက ပညာရေးဝန်ကြီးဌာနနဲ့ လွှတ်တော်တို့ ပူးပေါင်းလုပ်ဆောင်ကြဖို့ ပြောကြားခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီမိုကရေစီကိုအခြေခံတဲ့ ပညာရေးမျိုးဖြစ်ဖို့လိုတယ်လို့ ပြောသွားကြောင်း သိရပါတယ်။