စားသုံးဖို့ မသင့်တဲ့ မုန့်တွေ လားရှိုးကျောင်းမှာ တွေ့ရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အ.ထ.က (၂) ကျောင်းက မုန့်ဈေးတန်းမှာ စားသုံးဖို့မသင့်တဲ့ တရုတ်နိုင်ငံလုပ် ဂျယ်လီ၊ မုန့်အချို ့နဲ့သတ်မှတ်ရက်လွန်မုန့်တွေကို စစ်ဆေးတွေ့ရှိပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဒီကနေ့ ရှမ်းပြည်မြောက်ပိုင်း စားသုံးသူရေးရာဦးစီးဌာနနဲ ့ကျောင်းကျန်းမာရေးဌာန တာဝန်ရှိသူတွေ ပူးပေါင်းပြီး အဲ့ဒီကျောင်းကို ဝင်ရောက်စစ်ဆေးခဲ့ရာမှာ အခုလိုတွေ့ရှိခဲ့တာလို့ ကျောင်းကျန်းမာရေးဌာနက ဒေါက်တာ နီနီထွန်း က ပြောပါတယ်။

"အခုတွေ့ရှိရတာကတော့ ရက်လွန်နေတဲ့ဟာလေးတွေရယ် ကလေးတွေအနေနဲ့ သိပ်ပြီးတော့ မစားသင့် တဲ့ ဟာပေါ့နော်၊ ကလေးတွေရဲ့ အဟာရကို ဖြည့်ဆည်းပေးနိုင်မှုနည်းတဲ့ အစားအစာလေးတွေလည်း အများကြီးတွေ့ရပါတယ်၊ ဖြစ်နိုင်ရင်မရောင်းချဖို့ ကျမတို့ ဒီနေ့ပြောခဲ့ပါတယ်"

ဒီနေ့ ဖျက်ဆီးခဲ့တဲ့မုန့်တွေဟာ ကျပ်သုံးသောင်းကျော်တန်ဖိုးရှိပြီး ဈေးသည်တွေအနေနဲ့ စားသုံးဖို့ မသင့်တဲ့မုန့်တွေကို နောင်မရောင်းကြဖို့နဲ့ ကျောင်းသားတွေကလည်း မစားသုံးကြဖို့ အသိပညာပေးခဲ့ပါတယ်။

လက်ရှိမှာ ပညာပေးကာလအနေနဲ့ဆောင်ရွက်နေတာဖြစ်ပြီး ပညာပေးကာလပြီးဆုံးပါက ထိရောက်တဲ့ အရေးယူတာမျိုးတွေကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ပြောပါတယ်။

စားသုံးသူကာကွယ်ပေးရေးဥပဒေကို ၂၀၁၄ ခုနှစ်မှာ စတင်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ် ဧပြီလမှာ စီးပွား ကူးသန်းဌာနအောက်ကနေ စားသုံးသူကာကွယ်ရေးအဖွဲ့ကို ထပ်မံဖွဲ့စည်းပြီး စားသုံးသူ ကာကွယ်ပေးရေး အသိပညာပေးလုပ်ငန်းတွေကို တစ်နိုင်ငံလုံးအနှံ့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ လားရှိုးမြို့ပေါ်က ဆီစက်တွေ၊ ကျောင်းတွေက မုန့်အရောင်းဆိုင်တွေ၊ အေးခဲအသား ရောင်းချနေ တာတွေကို စစ်ဆေးနေတာဖြစ်ပြီး နောက်ပိုင်းမှာ ရေသန့်စက်ရုံတွေနဲ့အချိုရည် ထုတ်လုပ်တဲ့စက်ရုံတွေကို စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။