အလုပ်သမားဝန်ကြီးဌာနက အနိမ့်ဆုံးလစာ သတ်မှတ်

အလုပ်သမား ဝန်ကြီးဌာန စက်မှုဇုန် စက်ရုံအလုပ်သမားတွေရဲ့အနိမ့်ဆုံးယာယီလစာကို ကျပ် ငါးသောင်း ခြောက်ထောင် ခုနှစ်ရာ (၅၆၇၀၀) သတ်မှတ်လိုက်ကြောင်းနဲ့ လုပ်ငန်းရှင်တွေဘက်ကလည်း ဒီသတ်မှတ်ချက်ကို အမြန်ဆုံးအကောင်ထည်ဖော် ဆောင်ရွက်ပေးဖို့ အလုပ်သမားဝန်ကြီးဌာနက မေတ္တာရပ်ခံလိုက်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က လှိုင်သာယာစက်မှုဇုန် ကနောင်မင်းသားကြီးခန်းမမှာ ပြုလုပ်ခဲ့တဲ့ အလုပ်သမားရေးရာ ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ အလုပ်ရှင်တွေ၊ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေ တွေ့ဆုံဆွေးနွေးမှုကို အခြေခံပြီး အခုလို သတ်မှတ်လိုက်တာဖြစ်တယ်လို့ ဆွေးနွေးရာမှာပါဝင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။

"လောလောဆယ် ညှိတာကတော့ ငါးသောင်း ခြောက်ထောင့် ခုနှစ်ရာပါ။ အိုဗာတိုင် ၈၈ နာရီနဲ့ ရက်မှန်ကြေး ၃၀၀၀ ပါမှ ရတဲ့ကြေးပါ။ အခြေခံလစာက ၂၀၀၀ နဲ့ ၂၇ ရက်ကို ၂၇၀၀၀၊ အိုဗာတိုင်က ၈၈ နာရီ အဲတာတွေ အားလုံးပေါင်းမှ ကျွန်တော်တို့က ၅၀၇၀၀၊ ရက်မှန်ကြေး ၃၀၀၀ ပေါင်းမှ ၅၆၇၀၀၊ ဒါကျွန်တော်တို့ အလုပ်ရှင်တွေဘက်က ညှိနှိုင်းထားတဲ့ ကမ်းလှမ်းချက်ပေါ့လေ။ အဲဒီဟာနဲ့ပဲ သဘောတူတဲ့စက်ရုံတွေက သဘောတူပြီး လက်မှတ်ထိုးလိုက်ကြတယ်"

ဒါ့အပြင် စက်ရုံတွေရဲ့ကဏ္ဍအလိုက် ယာယီ အခြေခံလစာကို တပြေးညီသတ်မှတ်ပေးဖို့လည်း အလုပ်သမားဝန်ကြီးဌာနက မေတ္တာရပ်ခံထားကြောင်း သိရပါတယ်။

ရန်ကုန် လှိုင်သာယာနဲ့ ရွှေပြည်သာ စက်မှုဇုန်တွေမှာရှိတဲ့ ပုဂ္ဂလိကစက်ရုံ (၂၀) ကျော်က အလုပ်သမားတွေဟာ ပြီးခဲ့တဲ့လအတွင်း အခြေခံလစာ တိုးမြှင့်ရေးအတွက် မိမိတို့ စက်ရုံအသီးသီးမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ယာယီ အခြေခံလစာ သတ်မှတ်ဖို့အတွက် အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ အလုပ်ရှင်တွေ၊ အလုပ်သမားကိုယ်စားလှယ်တွေ၊ ဆန္ဒပြ အလုပ်သမားခေါင်းဆောင်တွေ ဇွန်လ ၅ ရက်နေ့က စတင်ပြီး ညှိနှိုင်းခဲ့ကြပါတယ်။