လယ်သမားတွေ ILO တိုင်ကြား

မကွေးတိုင်း နတ်မောက် မြိ့နယ်ထဲမှာ ဒေသခံ အာဏာပိုင်တွေနဲ့ မြေစာရင်း ဦးစီးဌာန ဝန်ထမ်းတွေ မမှန်မကန် ဆောင်ရွက်နေတာကို လယ်သမားတွေက ILO အရာရှိကို ဒီနေ့ တင်ပြလိုက်ကြတယ်လို့သတင်းရရှိ ပါတယ်။

မကွေးတိုင်း နတ်မောက် မြိ့နယ်ထဲမှာ ပင်မ စစ်လက်နက် ပစ္စည်းတပ်က သိမ်းထားတဲ့ လယ်မြေတွေ အတွက် ILO ရဲ့ ကြားဝင် ဆောင်ရွက်ပေးမှုကြောင့် လျော်ကြေးပေးတဲ့ အခါမှာ မမှန်မကန် ဆောင်ရွက်နေတာပါ။ မြေသိမ်းခံ လယ်သမားတွေရဲ့ လယ်ယာမြေတွေ အတွက် နစ်နာကြေး အဖြစ် တဧက ၃ သိန်းနှုန်း ပေးတဲ့ အခါမှာ အသိမ်းခံရတဲ့ လယ်တွေ အကုန်လုံးအတွက် မရပဲ တစိတ်တပိုင်းပဲ ရကြတယ်လို့ လယ်သမားတွေက ပြောပါတယ်။ နတ်မောက်မြို့နယ် ရွာမွန်အုပ်စု ကျောက်ရွာလေးက လယ်သမားတဦးကလဲ သူ့နစ်နာချက်ကို အခုလို ပြောပါတယ်။ "၁၆ ဧက ရှိတာ နဲနဲ လေးဘဲ ပြန်ရတယ်လေ။ မြေစာရင်းမှာ အပြောင်းအလဲတွေ လုပ်ပြီးတော့ သူတို့ အချင်းချင်း နားလည်မှုတွေ လုပ်လို့ ရန်ကုန်ဆင်းပြီး ဒီမိုကရေစီ အဖွဲ့နဲ့ ညှိနှိုင်းပြီးတော့ ILO လာတိုင်တာပါ။" ဒီအတွက် နစ်နာရတဲ့လယ်သမားတွေက ILO ရုံးကို တိုင်ကြားခဲ့လို့ ပြီးခဲ့တဲ့ မတ်လက စပြီး လျော်ကြေး ပေးနေရတာပါ။ ဒါပေမယ့် မြေစာရင်းဌာနနဲ့အာဏာပိုင်ပေါင်းပြီး၊ လယ်သမားတွေရဲ့ မူလ ပိုင်ဆိုင်မှု မြေပမာဏကို အမှန်အတိုင်း မဖေါ်ပြပဲ လျော်ကြေးပေးတဲ့ အတွက် ထိခိုက်နစ်နာနေရတာလို့ လယ်သမားတွေက ပြောပါတယ်။ အခုကိစ္စကို ဒီနေ့ပဲ ILO အရာရှိနဲ့ တွေ့ပြီး တိုင်ကြားလိုက်တယ်လို့ NLD ရဲ့ အလုပ်သမား လယ်သမား အရေး ဆောင်ရွက်နေသူ ဦးသက်ဝေက ပြောပါတယ်။ "မြေစာရင်း ဦးစီးဌာနနဲ့ သက်ဆိုင်ရာ ရရက ဥက္ကဌတွေ ကနေပြီးတော့ မြေဧကတွေ လျှော့ပြီးတော့ သူတို့ရဲ့ ကိုယ်ကျိုးစီးပွါးအတွက် လုပ်နေပါတယ်။ အဲဒါ ကျနော်တို့ကို အကူအညီတောင်းလို့ ILO အရာရှိကို တိုင်ထားတယ်ပေါဗျာ။" ၂၀၀၄-၂၀၀၅ ခုနှစ်က စလို့ ပင်မ စစ်လက်နက် ပစ္စည်းတပ်က အဲဒီ ဒေသတဝိုက် ရွာပေါင်း ၂၀ လောက်က သိမ်းထားတဲ့ လယ်မြေ ဧကပေါင်း တသောင်းကျော် ရှိပြီး အဲဒီ နေရာမှာ ဂိုဒေါင်တွေ ဆောက်ထားတယ်လို့ပြောကြပါတယ်။