တောင်သူအရေး ဆောင်ရွက်သူကို ဖမ်းဆီးမှု အာဏာရှင်ဆန်တဲ့ လုပ်ရပ်လို့ ဝေဖန်ပြောကြား

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် စံပယ်တောင်နဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းတွေကြောင့် လယ်သိမ်းခံခဲ့ရတဲ့ တောင်သူတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဝေဠုကို သောကြာနေ့က ဒေသခံအာဏာပိုင်တွေ ဖမ်းဆီး ထိန်းသိမ်းလိုက်တဲ့အတွက် သူ့ရဲ့နောက်ဆုံး အခြေအနေကို စုံစမ်းသိရှိနိုင်ဖို့ ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ယက်အဖွဲ့ဝင် ခေါင်းဆောင်တွေဟာ မနေ့က မုံရွာမြို့ကို ထွက်ခွာ သွားကြတယ်လို့ သိရပါတယ်။
2012-09-02
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
copper-mine-protest-b305
စစ်ကိုင်းတိုင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြပွဲ၌ မီးသတ်ကား ၃ စီး၊ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၁၅၀ က စောင့်ကြည့်နေစဉ်။
RFA

ကိုဝေဠုကို အခုလို ဖမ်းဆီးထိန်းသိမ်း ထားတာဟာ ဒီမိုကရေစီလမ်းကြောင်း ပြောင်းလဲနေတဲ့ အချိန်မှာ အာဏာရှင်ဆန်တဲ့ လုပ်ဆောင်ချက် ဖြစ်တယ်လို့ ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ယက်အဖွဲ့ဝင် မ၀ါက RFA ကို ပြောပါတယ်။

"ပြည်သူတစ်ယောက်ကို ၂၄ နာရီထက် ကျော်ပြီးတော့ ချုပ်နှောင် ဖမ်းဆီးပိုင်ခွင့် မရှိဘူးလို့ ဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ ဒီ ဥပဒေ ဘက်တော်သားကပဲ ဒီ ဥပဒေကို မလေးစားပဲနဲ့ ဒီမိသားစုကိုလည်း ဘာမှ အကြောင်းမကြားဘူး။ သွားရောက် စုံစမ်းတဲ့ လူတွေကိုလည်း လုံးဝ ဘူးခံပြီးတော့ မလာပါဘူး။ မဖမ်းပါဘူး ဆိုတဲ့ဟာကိုပဲ ဗြောင်ငြင်းနေတဲ့ အခါကျတော့ သူရဲ့ မိသားစုတွေကော၊ သူ့ ရဲ့ မိတ်ဆွေတွေကော အကုန်လုံးက စိတ်ပူပင်သောက ရောက်နေကြတယ်။ နောက်ဆုံး ပျောက်ဆုံးသွားတာက ဒီမြင်းမှု ရဲစခန်းထဲမှာ ဖြစ်တယ်။ ခေါ်ချင်တိုင်း ခေါ်သွားမယ်။ လွှတ်ချင်တဲ့ အချိန်မှာ လွှတ်မယ် ဆိုတာတွေက ဒါအာဏာရှင် ဆန်တယ်လို့ မြင်တယ်"

ကိုဝေဠုကို ဖမ်းဆီးခဲ့ပြီး မနေ့ကတော့ စီမံကိန်း အနီးအနားက ကျေးရွာ အ၀င်အထွက်လမ်းတွေမှာ လုံခြုံရေး အင်အား (၅၀၀) လောက်က ပိတ်ဆို့ စောင့်ကြပ်နေတယ်လို့ သိရပါတယ်။

အခုလို လုံခြုံရေးတွေ အပြည့်ချ နေရာယူထားတာဟာ လယ်သမားတွေအရေး ကူညီဆောင်ရွက်ပေးနေသူ အားလုံးကို ဖမ်းဆီးဖို့အတွက် ပြင်ဆင်တာ ဖြစ်နိုင်ကြောင်း ဆည်တဲကျေးရွာသား တစ်ဦးက RFA ကို ပြောပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ မြန်မာ-၀မ်ပေါင် တရုတ်ကုမ္ပဏီတို့ ဖက်စပ် လုပ်ကိုင်နေတာဖြစ်ပြီး စီမံကိန်းတ၀ိုက်က ကျေးရွာ ၂၆ ရွာက လယ်မြေဧက (၇၈၀၀) ကျော် အဓမ္မ သိမ်းယူခံထားရပါတယ်။

သြဂုတ်လ နောက်ဆုံးပတ်ကစလို့ လယ်သိမ်းခံရတဲ့ ဒေသခံ တောင်သူတွေက အဲဒီ စီမံကိန်းကို တားဆီးဖို့ လယ်သိမ်းတိုက်ပွဲကို နေ့စဉ်ရက်ဆက် ဆင်နွှဲခဲ့ကြပါတယ်။

ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

ကျနော်တို့ နိုင်ငံမှာ အဲလို တောင်သူလယ်သမားတွေအပေါ် မတရားလုပ်နေတာဟာ ရာစုနှစ်ဝက်ကျော်ပါပြီ၊ ဒါကို ဘယ်ယူကမှာ မကာကွယ်ပေးနိုင်ပါဘူး၊ အဓိက ကတော့ တောင်သူလယ်သမားတွေရဲ့ ဆင်းရဲမွဲတေမှုကြောင့် ပညာဗဟုသုတနည်းပြီး အကြောက်တရားကြီးစိုးကာ အာဏာပိုင်တွေ ချယ်လှယ်သလိုခံနေရတာပါပဲ။ ဒါကြောင့်လဲ ခေတ်အဆက်ဆက် အစိုးရ အာဏာပိုင်တွေက ပြည်သူကို ပညာနည်းအောင်လုပ်ပြီး ပညာတတ်တွေကို နှိပ်ကွပ်ထားခြင်းဖြစ်ပါတယ်။ ဒါကို ကျနော်တို့ ပြည်သူတွေ ဘယ်လိုတော်လှန်ရမလဲဆိုတာ စဉ်းစားကြရမှာ ဖြစ်ပါတယ်။

Sep 03, 2012 10:06 AM

David13feb

We must complaint this to Mr.President!
we are on the democracy way.they can't do like this!They can't arrest public !what do they want!Don't know what happening on Mr.wayhlu!Hoe did they treat with him!Everyone know..after military get drunk..they love to beat and kick prisoner!
i am really worry for you dear Wayhlu...

Sep 03, 2012 05:07 AM