ဧရာဝတီတိုင်းအတွင်း အချိန်အခါမဟုတ် မိုးကြောင့် စပါးဧက သိန်းဂဏန်းအထိ ပျက်စီး

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဧရာဝတီတိုင်းမှာ အချိန်အခါမဟုတ် မိုးရွာတဲ့အတွက် စပါးစိုက်ဧက ငါးသိန်းကျော်အထိ ပျက်စီးနိုင်ပြီး တောင်သူတွေ အခက်အခဲဖြစ်နေတဲ့ အတွက် မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းက အစိုးရ၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေနဲ့ လွှတ်တော်က သက်ဆိုင်ရာ ကော်မီတီတွေကို အရေးပေါ် အကူအညီပေးဖို့ တင်ပြထားကြောင်း သိရပါတယ်။

မိုးကြီးခဲ့တဲ့ မြို့နယ်တွေက တောင်သူတွေဟာ စပါးရိတ်ဖို့ လူငှားတာကနေ တလင်းနယ် အခြောက်ခံဖို့အထိ အခက်အခဲဖြစ်နေတာအပြင် သူတို့စပါးတွေကို အောက်ဈေးနဲ့တောင်ဝယ်မယ့်သူ မရှိဖြစ်နေတယ်လို့ ဒေသတွင်းကို သွားရောက်လေ့လာကူညီပေးနေတဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

တစ်ချိန်တည်းမှာလည်း ဆန်စပါးလုပ်ငန်းအသင်းအနေနဲ့ ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်းအတွင်းမှာ အရန်ဆန်ဝယ်ယူနေပြီလို့လည်း သိရပါတယ်။ အခု ဝယ်ယူနေတဲ့ ပုံစံဟာ အရင်တုန်းကလို စနစ်မဟုတ်တော့ပဲ တင်ဒါခေါ်ယူပြီး ဝယ်ယူတဲ့စနစ်ဖြစ်တယ်လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

လက်ရှိ အရန်ဆန်ဝယ်ယူနေတဲ့ပုံစံနဲ့ အားနည်းချက် အားသာချက်တွေကို သိရအောင် ဒေါက်တာစိုးထွန်းကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

0:00 / 0:00