သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည် ရရှိဖို့အတွက် ပြီးခဲ့တဲ့ မတ်လ ၂၉ရက်နေ့က ပြည်ခရိုင် ၆ မြို့ နယ်က တောင်သူတွေ စုပေါင်းဆန္ဒပြပွဲမှာ ပါဝင် ခဲ့သူ ၁၆ ဦးကို ပြည်မြို့ မြို့မရဲစခန်းက တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ဒီနေ့ အမှုဖွင့်လိုက်ပါတယ်။
ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ တောင်သူ ၅ ဦးနဲ့ လယ်သမားတွေကို အကူအညီပေးခဲ့သူ ၁၁ ဦးကို အမှုဖွင့်လိုက်တာဖြစ်တယ်လို့ အမှုဖွင့်ခံရတဲ့အထဲမှာ ပါဝင်သူ တစ်ဦးဖြစ်တဲ့ ဦးကျော်ဆွေက ပြောပါတယ်။
" ၂၉ ရက်နေ့ ဆန္ဒမပြခင်မှာ စာတင်ထားပါတယ် ၊ စာတင်ထားတာကို မြို့နယ် ရဲတပ်ဖွဲ့မှူးကနေ ပြီးတော့ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်း စစ်ဆေးရေးကော်မတီကနေ လယ်မြေတွေကို ပြန်ပေးဖို့ လုပ်နေပါပြီ အဲ့အတွက်ကြောင့်မို့လို့ ဆန္ဒပြဖို့ကို လုံးဝခွင့်မပေးနိုင်ပါဘူးလို့ အကြောင်းကြားပါတယ်၊ လယ်သမားတွေက လမ်းပေါ်ထွက် ပြီးတော့ ဆန္ဒပြတာပါ၊ အဲ့လယ်သမားတွေကို ဝိုင်းဝန်းကူညီ ပံ့ပိုးပေးတာပေါ့ အဲ့ဒါကြောင့် ကျွန်တော်တို့ပါ တရားစွဲခံရတဲ့ထဲမှာ ပါသွားပါတယ်၊ တရားစွဲခံရတဲ့ထဲမှာ တောင်သူအားလုံးပေါင်း ၅ ယောက်ပဲ ရှိပါတယ်"
ပြည်ခရိုင်အတွင်းရှိ ပန်းတောင်း၊ ဝက်ထီးကန်၊ ပေါက်ခေါင်း၊ သဲကုန်း၊ ရွှေတောင်နဲ့ ပြည် မြို့နယ်တို့က တောင်သူ (၁၀၀၀) တစ်ထောင် နီးပါးဟာ သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေးနဲ့ ဖမ်းဆီးခံထားရ တဲ့ တောင်သူတွေ ပြန်လည်လွတ်မြောက်ဖို့အတွက် မတ်လ ၂၉ ရက်နေ့က လမ်းလျှောက်ဆန္ဒပြ တောင်းဆို ခဲ့တာဖြစ်ပါတယ်။
ပြည်ခရိုင်အတွင်းမှာ စစ်တပ်၊ ပုဂ္ဂလိကကုမ္ပဏီတွေ၊ အစိုးရဌာနတွေက အကြောင်းအမျိုးမျိုးနဲ့ သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၂ သောင်းကျော် ရှိတယ်လို့ သိရပါတယ်။