ပဲခူးတိုင်းဒေသကြီး၊ ဥဿမြို့သစ် ရပ်ကွက်ကြီး ၈ နဲ့ ၉ တို့မှာရှိကြတဲ့ လယ်မြေဧကပေါင်း တစ်သောင်းကျော်ကို စက်မှုဇုန်၊ မြို့ပြ ၊ ပဲခူးတက္ကသိုလ်တိုးချဲ့ဖို့နဲ့ ဟံသာဝတီ လေဆိပ်စီမံကိန်းဆိုပြီး အာဏာပိုင်တွေက သိမ်းယူခဲ့တဲ့ကိစ္စတွေကို ဖြေရှင်းပေးမှု မရှိသေးတဲ့အတွက် ဒီကနေ့မှာ လယ်ဆုံးရှုံးခဲ့တဲ့ လယ်သမားတွေက ပဲခူးမြို့ပေါ်မှာ ဆန္ဒပြကြပါတယ်။
ဆန္ဒပြပွဲမှာပါဝင်တဲ့ လယ်သမား ဦးစောထိန်လင်းက RFAကိုအခုလိုပြောပါတယ်။
"သိမ်းခဲ့တုန်းက ဘယ်သူမှလာပြီး အကြောင်းမကြားပါဘူး၊၂ဝ၁၂ ခုနှစ်လောက်မှ သူတို့အုတ်တံတိုင်း လာခတ်တော့မှ ကျနော်တို့ တရားဝင်သိရတာပေါ့၊ သိမ်းဆည်းခံ လယ်ယာမြေတွေကို တရားဥပဒေနဲ့အညီ ပွင့်လင်းမြင်သာမ၊ ကြိုင်တင်ညှိနှိုင်းမှု မရှိတဲ့အတွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်"
ဆန္ဒပြပွဲမှာ လယ်သမားတွေက အသိမ်းခံထားရတဲ့ လယ်ကိစ္စအတွက် အာဏာပိုင်တွေဘက်က ပွင့်လင်းမြင်သာမှုရှိရှိ ဖြေရှင်းပေးရေး၊ မြေလွတ်မြေရိုင်းတွေကို စီမံခန့်ခွဲပြီး လယ်သမားတွေကို ပြန်လည်နေရာချထားပေးရေးစတဲ့ အချက်တွေကို ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။
အဲဒီလယ်သမားတွေရဲ့ ဆန္ဒပြပွဲအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မရတနာဦးက သတင်းပေးပို့ထားပါတယ်။