လက်ရှိပြဌာန်းထားတဲ့ မြေယာဥပဒေ ရဲ့အားနည်းချက်တွေကို ထောက်ပြဆွေးနွေး ကြပြီး တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးတဲ့ ဥပဒေဖြစ်လာဖို့ ရည်ရွယ်ချက်နဲ့ မန္တလေးတိုင်းဒေသကြီးက Hotel Mandalay မှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တောင်သူ လယ်သမားတွေ ဒီနေ့ စတင်ဆွေးနွေးနေကြပါတယ်။
ဒီနေ့ ဆွေးနွေးပွဲကို တက်ရောက်တဲ့ Eco Dev သုတေသနအဖွဲ့က အကြီးအကဲဖြစ်သူ ဦးဝင်းမျိုးသူက လက်ရှိ မြေယာဥပဒေဟာ တောင်သူတွေ နဲ့ ဆွေးနွေးညှိနှိုင်းပြီး ရေးဆွဲခဲ့တာမဟုတ်ဘူးလို့ အခုလိုပြောပါတယ်။
"မြေယာဥပဒေရဲ့ ပင်မအခြေခံက ဆိုရှယ်လစ် စီးပွားရေးစနစ်မှာ အခြေခံတာဖြစ်တဲ့အတွက် ဒါကိုတက်သုတ်ရိုက်ပြီးတော့ အချိန်တိုတိုအတွင်းမှာ ဒီမြေယာဥပဒေကြီးကို ဖော်ထုတ်လိုက်တာဖြစ်တယ်၊ တကယ့်တောင်သူတွေနဲ့ ဆွေးနွေးပြီးတော့ တကယ့်အကြောင်းအခြင်းရာတွေကို အခြေမခံတဲ့အတွက် ဒီထွက်လာတဲ့ဥပဒေကတော့ စီးပွားရေးသမားတွေ အထူးသဖြင့် ခရိုနီလို့တပ်ပြောရမယ့် စီးပွားရေးသမားတွေအတွက် အကျိုးစီးပွားကာကွယ်ဖို့ အထူးအထောက်အကူပြုတဲ့ ဥပဒေလို့ ကျနော်ကဆိုချင်တာပါ"
ဒီ ၂ ရက်ကြာ ဆွေးနွေးပွဲကနေ ရရှိလာတဲ့အချက်အလက်တွေကို တောင်သူလယ်သမားတွေဆီ ချပြပြီး လွှတ်တော်အထိတင်ပြသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဒီနေ့ ဆွေးနွေးပွဲမှာ လက်ရှိမြေယာဥပဒေရဲ့ အားနည်းချက်တွေထဲက ရွှေ့ပြောင်းဆိုင်ရာ မှတ်ပုံတင်ခြင်း၊ မြေယာ စီးပွားရေး အထောက်အကူပြုမှု၊ လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်ခွင့်၊ မြေယာအငြင်းပွားမှု၊ တောင်သူ လယ်သမားအစုဖွဲ့မှုနဲ့ မြေသိမ်းဥပဒေတို့ကို ပြန်လည်ပြင်ဆင်နိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။