တောင်သူလယ်သမားများအတွက် ဥပဒေရေးရာ သင်တန်းပို့ချ

လယ်သမား အခွင့်အရေးလှုပ်ရှားသူ မစုစုနွေး ဦးဆောင် ဖွဲ့စည်းထားတဲ့ တောင်သူလယ်သမား သမဂ္ဂ ဖွဲ့စည်းရေး ကော်မတီက နယ်မြို့တွေမှာရှိတဲ့ တောင်သူ လယ်သမား သမဂ္ဂ ခေါင်းဆောင်တွေကို ပထမဦးဆုံးအကြိမ်အဖြစ် ဥပဒေရေးရာသင်တန်း ဒီကနေ့ စတင်ပို့ချကြောင်း သိရပါတယ်။

တောင်သူလယ်သမားတွေဟာ သိသင့်တဲ့ ဥပဒေကိစ္စတွေနဲ့ အလှမ်းဝေးနေတာကြောင့် သူတို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေအတွက် ထိရောက်တဲ့ အကူအညီပေးနိုင်အောင် သမဂ္ဂခေါင်းဆောင် လူငယ်တွေကို သင်တန်းပေးရတာ ဖြစ်ကြောင်း မစုစုနွေးက ပြောပါတယ်။

"တောင်သူလယ်သမားတွေဆိုတာမျိုးက လယ်ယာမြေ အသိမ်းခံရတဲ့ အခါမှာ လယ်ယာမြေ အမွေကိစ္စတွေ၊ ငှားရမ်းပေါင်နှံတဲ့ကိစ္စတွေ ဒီပြဿနာဖြစ်ပြီး တရားရုံးကို ရင်ဆိုင်ရတဲ့အခါမှာ ဥပဒေနဲ့ ဘယ်လိုဖြေရှင်းရမလဲဆိုတာ သူတို့မသိကြဘူးရှင့်။ အဲဒီအတွက် ကျွန်မတို့ ဒီတောင်သူ လယ်သမားသမဂ္ဂ ဖွဲ့စည်းရေး ကော်မတီကနေပြီးတော့ ကျေးရွာ အုပ်စုတိုင်း၊ အုပ်စုတိုင်းမှာ ဖွဲ့စည်းပြီးသား တောင်သူလယ်သမား သမဂ္ဂခေါင်းဆောင်တွေကို ဥပဒေဘောင်ထဲကနေပြီးတော့ ပြောဆိုနိုင်အောင် ဆိုပြီးတော့ ဒီဥပဒေသင်တန်းကို ပေးရခြင်း ဖြစ်ပါတယ်ရှင့်"

အခုပို့ချတဲ့ ဥပဒေသင်တန်းကို ရန်ကုန်မြို့ (၃၁) လမ်းက မဏ္ဍိုင်အကယ်ဒမီ ဥပဒေသင်တန်းကျောင်းမှာ ပြုလုပ်တာဖြစ်ပြီး တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းက စေတနာ့ဝန်ထမ်းအဖြစ် ကူညီသင်ကြားပေးနေကြောင်း သိရပါတယ်။

ဒီသင်တန်းကို ကော့မှူး၊ ကွမ်းခြံကုန်း၊ မအူပင်၊ ကျိုက်လတ်၊ ထန်းတပင်၊ ညောင်တုန်း၊ တွံတေး၊ မှော်ဘီ စတဲ့ (၈) မြို့နယ်က သင်တန်းသား (၅၇) ဦး တက်ရောက်ကြောင်း သိရပါတယ်။