မြန်မာနိုင်ငံ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီအသင်း ဖွဲ့စည်းရတာဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က RFA ကိုရှင်းပြပါတယ်။
"ကျွန်တော်တို့ နိုင်ငံအနေနဲ့ပေ့ါနော်။ လယ်ယာကဏ္ဍက ဖွ့ံ့ဖြိုးမှု အရမ်းနောက်ကျနေတယ်။ ကျေးလက်မှာနေတဲ့ လယ်သမားတွေရဲ့ စီးပွားရေးကလည်း အင်မတန် နိမ့်ကျနေတယ်။ ဒီဟာတွေကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဖို့က လယ်သမားတွေက စုစုစည်းစည်းနဲ့ အဖွဲ့အစည်း တစ်ခုရှိဖို့ လိုအပ်နေတယ်။ ဒီလိုရှိမှလည်း သူတို့တိုးတက်အောင်လို့ လုပ်ဖို့အတွက် ကိစ္စရပ်တွေကို ပူးပေါင်းဆောင်ရွက်မဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတော် အစိုးရဖြစ်စေ၊ တခြားအစိုးရ အဖွဲ့အစည်းဖြစ်စေ၊ တခြားအသင်း အဖွဲ့အစည်းထဲမှာ သူတို့နဲ့ တိုက်ရိုက်ထိတွေ့ပြီးတော့မှသာ ပိုမိုတိုးတက်မှု မြန်ဆန်လာမယ်လို့ ယူဆလို့ ဒီအသင်းကို ဖွဲ့စည်းတာပါ"
မြန်မာနိုင်ငံ တောင်သူလယ်သမားများအသင်းကို ပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်မှာ ဖွဲ့စည်းမှာဖြစ်ပြီး တောင်သူလယ်သမားတွေရဲ့ ဝင်ငွေတိုးတက်စေဖို့နဲ့ လူမှုစီးပွား ဖွံဖြိုးရေးကို ဦးစားပေး လုပ်ဆောင်မှာ ဖြစ်တယ်လို့ အဲဒီအသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီအသင်းဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်လို့ လယ်သမားအရေး ကူညီဆောင်ရွက်နေတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေကလည်း အခုလို ဝေဖန်ပြောကြားလိုက်ပါတယ်။
"လယ်သမားဆိုတာ နင်းပြား၊ ဖွတ်ကြား။ အဲဒီလူတွေ၊ ဖွတ်ကြောပြာစုတွေ မပါပဲနဲ့ ဆန်စပါး လုပ်ငန်းရှင်များအသင်းတို့၊ ဘာတို့ ခပ်တည်တည်နဲ့ ဟိုတယ်ထဲမှာဖွဲ့တဲ့ တောင်သူလယ်သမားအဖွဲ့ကို ကျွန်တော်က လုံးဝဆန့်ကျင်ပါတယ်ဗျာ။ ကျွန်တော်တို့လည်း မသိရဘူးဗျာ။ ကျန်တဲ့လူတွေလည်း ဒီလိုပဲနေမှာပဲ။ အဲတော့ လယ်သမားတွေမသိတဲ့ လယ်သမားအဖွဲ့အစည်း ဘာသွားသုံးလို့ ရမှာလဲဗျာ"
အခမ်းအနားကို ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက တောင်သူ လယ်သမား (၂၀၀) ကျော် တက်ရောက်ခဲ့ပါတယ်။