သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံတွေပျက်စီး ဆုံးရှုံးရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေက မျိုးစပါးနဲ့ စိုက်ပျိုးစရိတ်ကို နိုင်ငံတော်သမ္မတ ရဲ့ သီးသန့်ရန်ပုံငွေကနေ ထောက်ပံံ့နိုင်ကြောင်း လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော်က ပြည်သူ့လွှတ်တော်မှာ မနေ့က ပြောဆိုခဲ့ပါတယ်။
နွေစပါးစိုက်ပျိုးစရိတ်ချေးငွေဟောင်း အကျေပေးသွင်း ပြီးမှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေအသစ် ထပ်ချေးတဲ့ စည်းကမ်းချက်ရှိပေမဲ့၊ သဘာဝဘေးနဲ့ ပိုးမွှား ဒဏ်ကြောင့် သီးနှံတွေပျက်စီးဆုံးရှုံးပြီး ပြန်လည်ပေး ဆပ်ဖို့ အခက်အခဲ ဖြစ်နေတဲ့ လယ်သမားတွေအတွက် အဲဒီစည်းကမ်းချက်ကို လျှော့ပေါ့ပေးဖို့ အစီအစဉ်ရှိ မရှိ၊ ရွှေဘိုမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်သန်း ရဲ့ မေးမြန်းချက်ကို ဒုတိယဝန်ကြီး ဦးခင်ဇော်က အခုလိုပြန်လည်ဖြေကြားခဲ့ပါတယ်။
"သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးမှှုများ အထူးများပြားစွာ ဖြစ်ပေါ်လာပါက ပြည်ထောင် စု၏ ဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပဒေပြဌာန်းထားသည့်အတိုင်း တိုင်းဒေသကြီး ပြည်နယ်အစိုးရများ အနေဖြင့် နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေမှ မျိုးစပါးများနဲ့ စိုက်စေ့များ တောင်သူလုပ်ငန်းများ သို့ ထောက်ပံ့ပေးနိုင်ရေး လုပ်ထုံးလုပ်နည်းနဲ့အညီ တင်ပြဆောင်ရွက်လျှက်ရှိပါတယ်"
ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ ပဲခူးတိုင်းအတွင်းရေကြီးခဲ့လို့ ပျက်စီးဆုံးရှုံးခဲ့တဲ့ လယ်ယာမြေတွေ အတွက် နိုင်ငံတော်သမ္မတရဲ့ သီးသန့်ရန်ပုံငွေထဲကနေပြီး ကျပ်သန်းပေါင်း တစ်ထောင်ကျော် ထောက်ပံံ့ ခဲ့ကြောင်းလည်း ဒုတိယဝန်ကြီးက ပြောဆိုပါတယ်။
စပါးနဲ့ ကြံသီးနှံအတွက် တစ်ဧက တစ်သိန်းနှုန်းနဲ့ ဆယ်ဧကအထိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်က ချေးပေးပြီး အခြားသီးနှံတွေအတွက် တစ်ဧကကို နှစ်သောင်းနှုန်းနဲ့ ချေးပေးနေကြောင်းသိရပါတယ်။
