လယ်သိမ်းခံတောင်သူတွေ ဟင်္သာတမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်


2014.07.29

လှိုင်သာယာ၊ ညောင်တုန်း၊ ဟင်္သာတ ရထားလမ်းစီမံကိန်းအတွက် သိမ်းခံထားရတဲ့ လယ်ယာမြေနဲ့ သီးနှံလျော်ကြေးတွေပေးဖို့ တောင်သူတွေက ဒီနေ့ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြီး တောင်းဆိုခဲ့ကြပါတယ်။

ရထားလမ်းဖောက်လုပ်ရာမှာ ပျက်စီးသွားခဲ့တဲ့ လယ်ယာမြေနဲ့ သီးနှံလျော်ကြေးတွေကို ပေးပြီးပြီဆိုပြီး သတင်းစာတွေမှာ အစိုးရဝန်ကြီးဌာနတွေက တရားဝင်ကြေညာခဲ့ပေမယ့် အခုချိန်အထိ လယ်သမားတွေ လျော်ကြေးငွေ မရသေးကြောင်း လယ်သမား ဦးစိုးသူက ပြောပါတယ်။

"ကျနော်တို့ တောင်သူလယ်သမားတွေရဲ့ မြေယာတွေကို သိမ်းဆည်းသွားပြီး ရထားလမ်းကြီးဖောက် လုပ်တယ်၊ ဖောက်လုပ်ပြီးတော့ မြေယာလျော်ကြေး၊ သီးနှံလျော်ကြေးများ ပေးပါ့မယ်ဆိုပြီးတော့ လူကြီးတွေကနေပြီးတော့ ပြောဆိုစီစဉ်ကြတယ်ပေါ့၊ ယနေ့တိုင်ထိကို ဖြစ်မလာပဲနဲ့ လယ်သမားတွေ ဆိုလို့ရှိရင်လည်း အိုးပျက်အိမ်ပျက်ဖြစ်တဲ့လူကဖြစ်ကြတယ်၊ ၂၀၁၄၊ ၄ လပိုင်း သတင်းစာထဲမှာ တွေ့ လိုက်ရတာက ရထားလမ်းဖြစ်ရေး တောင်သူတွေကို နစ်နာကြေးတွေ၊ သီးနှံလျော်ကြေးတွေတို့ ၊ မြေယာလျော်ကြေးတို့ဆိုပြီးတော့ ပေးအပ်ပြီးတော့ဆိုတာ ပြောကြားတဲ့အခါမှာ ကျနော်တို့ လို တောင်သူလယ်သမားတွေ လက်ဝယ်ကို တစ်ကျပ်တစ်ပြားမှ မရောက်ရှိသေးပါဘူး၊ အဲ့ဒါကြောင့် မို့လို့ ကျနော်တို့ အထက်ကတာဝန်ရှိ ပုဂ္ဂိုလ်တွေ သိကြားနိုင်အောင် ကျနော်တို့အနေနဲ့ သတင်းစာ ရှင်းလင်းပွဲလေး လုပ်ရတာပါ"

လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က စတင်ဖောက်လုပ်ခဲ့တဲ့ လှိုင်သာယာ၊ ညောင်တုန်း၊ ဟသာၤတ ရထားလမ်းစီမံ ကိန်းကြောင့် ညောင်တုန်းမြို့နယ်၊ စက္ကော့တောင်ကျေးရွာအုပ်စုက လယ်ယာမြေဧက ၁၀၀ နီးပါး ပျက်စီးသွားခဲ့တယ်လို့ လယ်သမားတွေက ပြောပါတယ်။

အဲဒီ လှိုင်သာယာ၊ ညောင်တုန်း၊ ဟသာၤတ ရထားလမ်းကို ဒီနှစ် ၂၀၁၄ ခုနှစ် မေလမှာ စတင်ပြေးဆွဲခဲ့ပြီး ရထားလမ်းမြေတွေ ပြိုကျတာကြောင့် အခုချိန်မှာ ပြေးဆွဲမှုကို ရပ်နားထားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ညောင်တုန်းမြို့နယ်၊ ငပျောကျွန်းကျေးရွာအုပ်စုမှာ ဝါဝါ၀င်းကုမ္ပဏီနဲ့ မအူပင်မြို့အခြေစိုက် ခလရ ၂၇ တပ်ရင်းတို့က သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၄၀၀ကျော်အတွက် လျော်ကြေးငွေပေးဖို့ လည်း တောင်သူတွေက တောင်းဆိုခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၁၉၉၆ လောက်က မအူပင်မြို့အခြေစိုက် ခ.လ.ရ (၂၇) က တပ်ပိုင်မြေဆိုပြီး ဧက ၁၀၀ နီးပါးကို သိမ်းယူခဲ့ပြီး ၂၀၀၀ ခုနှစ်လောက်မှာ ဝါဝါဝင်းကုမ္ပဏီက မြေလွတ်မြေရိုင်း ဖော်ထုတ်ရေးနဲ့ စိုက်ပျိုးမွေးမြူရေး စီမံကိန်းအတွက်ဆိုပြီး လယ်ယာမြေ ဧက ၃၀၀ ကျော်ကို လျော်ကြေးမပေးပဲ သိမ်းဆည်းထားခဲ့တယ်လို့ သိရပါတယ်။

အဲဒီလယ်ယာမြေတွေထဲမှာ တချို့ကို သီးစားချငှားရမ်းထားပြီး ဝါဝါ၀င်းကုမ္ပဏီက သိမ်းယူထားခဲ့တဲ့ လယ်ယာမြေတွေမှာ ငါးမွေးမြူရေးလုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။