တားမြစ် လယ်တွေမှာ ထွန်ယက်စိုက်ပျိုးလျှင် အရေးယူမည်

အာဏာပိုင်တွေက စိုက်ပျိုးခွင့် ပိတ်ပင်တားမြစ်ထားတဲ့ လယ်တွေမှာ ထွန်ယက်စိုက်ပျိုးတဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်က လယ်သမားတွေကို ဒီနေ့ ဆက်စိုက်ပျိုးရင် ဖမ်းဆီးအရေးယူမယ်လို့ အာဏာပိုင်တွေက ခြိမ်းခြောက်တယ်လို့ စုံစမ်းသိရှိရပါတယ်။
2012-07-11
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
pan-daung-farmers-b305
၂၀၁၂ ခုနှစ် ဇွန်လအတွင်းက စစ်တပ်မှ သိမ်းထားသည့် လယ်ယာမြေများကို ပန်းတောင်းမြို့နယ်မှ လယ်သမားများက ပြန်လည်ထွန်ယက်နေကြစဉ်။
RFA

ပြီးခဲ့တဲ့လက စထွန်ယက်တာ ဘာမှအရေးမယူဘဲ နေရာက ပြီးခဲ့တဲ့ အင်္ဂါနေ့နဲ့ မနေ့ကတော့ လယ်သမားတွေ ထွန်ယက်တဲ့နေရာမှာ တပ်၊ ရဲနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ လာဝိုင်းတယ်လို့ လယ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ နိုင်ငံသားနှင့်နိုင်ငံရေး အခွင့်အရေးလှုပ်ရှား ဆောင်ရွက်ရေးအဖွဲ့က ဦးရဲထင်က ပြောပြပါတယ်။

"၁၀ ရက်နေ့က ကျောင်းတိုက်ကျေးရွာမှာ လယ်သမားအင်အားက ၇၀ လောက်ပါတယ်။ နွားအရှဉ်းပေါင်း ၁၀ ရှဉ်းလောက်နဲ့ ဆင်းထွန်နေတဲ့ အချိန်မှာ ပန်းတောင်းမြို့နယ် ရဲမှူး၊ အုပ်ချုပ်ရေးမှူး၊ ရဲဘော်တွေပေါ့၊ ကပစ ၅ က စက်ရုံမှူး၊ စစ်သားတွေ ၄၀ လောက်ရှိတယ်။ လာဝိုင်းနေကြတယ်။ ဒါပေမဲ့ ဘာမှ ပြောတာမရှိဘူးပေါ့။ ၁၁ ရက်နေ့ကျတော့ လယ်သမား ၁၀၀ လောက်ရှိတယ်။ နွား ၁၉ ရှဉ်းနဲ့ပေါ့၊ ဆင်းထွန်တယ်။ ဆင်းထွန်တဲ့ အချိန်တွင်းမှာလည်း လာကြည့်တာက ၃၅ ယောက် ၄၀ လောက်ပဲရှိတယ်။ လယ်သမားတွေက သူတို့ဖာသာ သူတို့ဆင်းထွန်ပြီးတော့ ကိုယ့်ရွာကို ပြန်တဲ့အချိန်မှာ ပန်းတောင်းမြို့နယ် ရဲမှူးနဲ့ အုပ်ချုပ်ရေးမှူးက ရွာကို လာတယ်ဗျ။ လယ်သမားတွေထဲက ကိုဌေးဝင်းဆိုတဲ့ တစ်ယောက်ကို ခေါ်တယ်။ ကိုဌေးဝင်းက သူတစ်ယောက်တည်းတော့ မလာနိုင်ဘူး၊ ရွာသားတွေအားလုံး စုပေါင်းပြီး နားထောင်မယ် ဆိုပြီးတော့ ရွာသားတွေအားလုံး သွားနားထောင်တဲ့ အခါမှာ ၁၂ ရက်နေ့ကို ဆင်းမထွန်ဖို့ ၁၂ ရက်နေ့မှာမှ ဆင်းထွန်မယ်ဆိုရင် ပြည်ထဲရေးပိုင်တဲ့ ကိစ္စ ဖြစ်တဲ့အတွက် ဖမ်းရပါလိမ့်မယ်ဆိုပြီး ပြောတယ်"

ဘိုးဘွားပိုင် လယ်တွေကို စစ်တပ်နဲ့ ဌာနဆိုင်ရာတွေက ဦးနေ၀င်း အုပ်ချုပ်တဲ့ ၁၉၇၂ ခုနှစ်မှာ တစ်ကြိမ်၊ ရှစ်လေးလုံး အရေးတော်ပုံကြီး နောက်ပိုင်း တက်လာတဲ့ စစ်အစိုးရလက်ထက် ၁၉၈၉ ခုနှစ်မှာ ကိုယ့်တပ်ရိက္ခာ ကိုယ်ရှာရမယ့် ညွှန်ကြားချက် ထွက်လာချိန်မှာ တစ်ကြိမ် သိမ်းထားခဲ့တာပါ။

လယ်သမားတွေဟာ စစ်တပ်နဲ့ ဌာနဆိုင်ရာတွေက သိမ်းထားတဲ့ ဒီဘိုးဘွားပိုင် လယ်တွေမှာ သီးစားခပေးပြီး နှစ်စဉ် စိုက်ပျိုးခဲ့ရပါတယ်။ ဒါပေမဲ့ သီးစားခကလည်း တစ်နှစ်ထက် တစ်နှစ်ပိုပေးလာရ၊ ၀မ်းစာကလည်း မလုံလောက်၊ စိုက်စရိတ်လည်းမရ၊ စပါးရောင်းပြန်တော့လည်း ဈေးကောင်းမရ၊ အထွက်နှုန်း ကလည်းကျတဲ့အတွက် လယ်သမားတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါတယ်။

ဒါကြောင့် ပြည်၊ ပန်းတောင်း၊ သဲကုန်း၊ ကံမ မြို့နယ်တွေက လယ်သမား ၇၀၀ ကျော်ဟာ ဒီလယ်တွေမှာ လွတ်လွတ်လပ်လပ် စိုက်ပျိုးခွင့်ပေးဖို့ နိုင်ငံတော် သမ္မတဆီ မတ်လတုန်းက အသနားခံစာ ပေးပို့ခဲ့ပါတယ်။ ဒီလို ပေးပို့တဲ့အတွက် အာဏာပိုင်တွေက လယ်သမားတွေကို လယ်စိုက်ခွင့် ပိတ်ပင်လိုက်ပါတယ်။

နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီဘဲ သိမ်းထားတဲ့ လယ်တွေမှာ ၀င်ရောက်ထွန်ယက် ပြန်တော့လည်း ခုလို အာဏာပိုင်တွေက ခြိမ်းခြောက်နေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် လယ်ပဲစိုက်တတ်တဲ့ လယ်သမားတွေ လွတ်လပ်လပ် စိုက်ပျိုးခွင့်ပေးဖို့ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး လှုပ်ရှား ဆောင်ရွက်ရေးအဖွဲ့က အရေးပေါ် မေတ္တာရပ်ခံချက် တစ်စောင် မနေ့က ထုတ်ပြန်ပြီး နိုင်ငံတော် သမ္မတနဲ့ သက်ဆိုင်တဲ့ အစိုးရ အဖွဲ့အစည်းတွေဆီ ဒီနေ့ ပေးပို့မယ်လို့ ဦးရဲထင်က ပြောပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ဒေါ်စမ်းစမ်းတင်က တင်ပြပါမယ်။

တင်ပြချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်