လယ်သမား ၁၅ ဦးကို စစ်တပ်က ဝိုင်းထား

ရန်ကုန်တိုင်း သံလျင်မြို့နယ်အတွင်း စစ်တပ် အဓမ္မ သိမ်းယူခံထားရတဲ့ လယ်မြေတွေပေါ်မှာ ဒီကနေ့ သွားရောက် ထွန်ယက်ခဲ့ကြတဲ့ လယ်သမား (၁၅) ဦးခန့်ကို စစ်တပ်က အခု တပ်စိတ်တစ်စိတ်နဲ့ ဝိုင်းထားတယ်လို့ RFA က စုံစမ်းသိရပါတယ်။

2012.07.25
farmer-cultivate-b305 ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်က ရန်ကုန်တိုင်း သံလျင်မြို့နယ်အတွင်း စစ်တပ်က အဓမ္မ သိမ်းယူထားသည့် လယ်မြေတွင် လယ်သမားများ ဝင်ရောက်ထွန်ယက်နေကြစဉ်။
RFA

သံလျင်မြို့နယ် အလွမ်းဆွတ်ကျေးရွာက လယ်မြေဧက ၂၀၀ ကျော်ဟာ ၁၉၉၅ ခုနှစ်အတွင်း ခလရ ၉၀ က ကနဦး သိမ်းယူခဲ့ပြီးနောက် လယ်သမားတွေကို သီးစား ချထားပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လယ်မြေတွေကို နောက်ပိုင်းမှာ အမှတ် (၁) ဗျူဟာ စစ်ရေယာဉ်စုတပ်ကို လွှဲပြောင်းပေးခဲ့ပြီးနောက် အခု နှစ်ဆန်းပိုင်းကစလို့ သီးစားစိုက်ပျိုးခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

လယ်သမားတွေဟာ စစ်တပ်ရဲ့ တားဆီးပိတ်ပင်မှုကြားက သူတို့ရဲ့ လယ်မြေတွေမှာ သွားရောက် ထွန်ယက်ခဲ့ကြတာ ဒီကနေ့နဲ့ပါဆိုရင် ၂ လအတွင်း (၄) ကြိမ် ရှိသွားပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အခေါက်တွေက သွားရောက် ထွန်ယက်ရာမှာ စစ်တပ်က အင်အားသုံးပြီး လာရောက် တားမြစ်တဲ့အတွက် ထွန်ယက်မှုကို ရပ်ဆိုင်းခဲ့ကြပေမယ့် အခုတစ်ကြိမ်မှာတော့ ဆက်လက် ထွန်ယက် သွားမယ်လို့ တောင်သူတစ်ဦးက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ဘက်က လုပ်ခွင့်မပြုလည်း အတင်းအဓမ္မ တိုးရတော့မှာပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ မိသားစုတွေက ဒီဟာပဲ မှီခိုပြီး စားသောက်နေရတဲ့လူတွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့ဒီ အန္တရာယ်ကြားကပဲ ဇွတ်မှိတ်ပြီးတော့ ဒီလယ်တွေ ဆက်လုပ်သွားမှာပါ"

လယ်သမားတွေက သူတို့သိမ်းယူခံထားရတဲ့ လယ်မြေတွေပေါ်မှာ လွတ်လွတ်လပ်လပ် လုပ်ကိုင် စားသောက်ခွင့် ရရှိရေးအတွက် သမ္မတ ဦးသိန်းစိန်ထံ အသနားခံစာ ပေးပို့ထားတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။