လက်ပံတောင်း တောင်သူတွေ ဝမ်ပေါင်ကုမ္ပဏီရုံးရှေ့ မှာ တောင်းဆိုဆန္ဒပြ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ လယ်မြေသိမ်းဆည်းခံထားရပြီး မြေလျော်ကြေးရယူထား ခြင်းမရှိသေး တဲ့ ဒေသခံတောင်သူ ၅ဝ ကျော်ဟာ ၂ဝ၁၅ ခုနှစ်အတွက် သီးနှံလျော်ကြေးရရှိဖို့ ဒီနေ့ ဝမ်ပေါင်ကုမ္ပဏီရုံးရှေ့ မှာ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ဒေသခံတွေက ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုပေမယ့် တွေ့ခွင့်မရဘူးလို့ ဆည်တည်းရွာသူ မနွယ်နွယ်ဝင်းက ပြောပါတယ်။

"မိမိတို့ရဲ့ လယ်ယာမြေတွေပေါ်မှာ သီးနှံစိုက်ခွင့်မရတဲ့အတွက် သီးနှံလျော်ကြေး လာတောင်းခံရခြင်းဖြစ်တယ်၊ အခု သူတို့က မုံရွာ ပုသိမ်လမ်းရှေ့မှာ ရဲအင်အားတွေနဲ့ပေါ့နော် ပိတ်ဆို့ထားတာ၊ အခုက သွားလို့လည်းမရဘူး၊ ဒီဘက်က ဖြေရှင်းဖို့ကို တောင်းတော့လည်း သူတို့က ဘာမှပြန်မပြောဘူးပေါ့နော်၊ အခြေအနေက တင်းမာသလိုဖြစ်နေတယ်"

ပြီးခဲ့တဲ့၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ဝမ်ပေါင်ကုမ္ပဏီက လျော်ကြေးရယူထားမှု မရှိသေးတဲ့ လယ်ယာမြေတွေကို ခြံစည်းရိုးခတ်ခဲ့ပြီး သီးနှံလျော်ကြေးအဖြစ် တစ်ဧကကို ကျပ်နှစ်သိန်းကနေ လေးသိန်း အထိ ပေးအပ်ခဲ့တာဖြစ်ပါတယ်။

လယ်ယာမြေတွေကို ခြံစည်းရိုးခတ်ထားတာကြောင့် ဒေသခံတွေက ၂ဝ၁၅ ခုနှစ်အတွက် သီးနှံလျော်ကြေးပေးဖို့ ထပ်မံတောင်းဆိုကြတာဖြစ်ပြီး လက်ရှိအချိန်ဟာ ပဲစင်းငုံ၊ ပြောင်းနဲ့ နေကြာရိတ်သိမ်းချိန်ဖြစ်တယ်လို့ ပြော ပါတယ်။

စီမံကိန်းကြောင့် လယ်ယာမြေသိမ်းဆည်းခံထားရတဲ့ တောကျောင်း၊ အလယ်ရွာ၊ ရွာသစ်၊ အလယ်တော၊ မိုးကြိုးပြင်နဲ့ ဆည်းတည်းရွာက ဒေသခံတောင်သူလယ်သမား ၅ဝ ကျော်ဟာ ဝမ်ပေါင်ကုမ္ပဏီရုံးရှေ့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း သီးနှံလျော်ကြေး သွားရောက်တောင်းခံခဲ့ကြပါတယ်။

ခြံစည်းရိုးခတ်လိုက်တဲ့ ကြေးနီစီမံကိန်းဧရိယာဝင်းအတွင်း လျော်ကြေး ရယူမှုမရှိသေးတဲ့ လယ်ယာမြေ ဧက ၃ဝဝဝ ခန့်ရှိတယ်လို့သိရပါတယ်။